မနေ့ညက အိုးထရက်ဖို့ဒ်မှာ ကျင်းပခဲ့တဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ် ပွဲစဉ်ထဲ လီဗာပူးလ်အသင်းကို အချိန်ပို နောက်ဆုံးမိနစ် သွင်းဂိုးနဲ့ အနိုင်ယူ ကျော်ဖြတ်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်က အက်ဖ်အေဖလား ဆွတ်ခူးနိုင်ဖို့ တက်နိုင်သမျှ အစွမ်းကုန် ကြိုးပမ်းသွားမယ်လို့ ကြွေးကြော်လိုက်ပါတယ်။

လီဗာပူးလ်အသင်းရဲ့ ဖလား (၄)လုံး အိမ်မက်ကို ရိုက်ချိုးပြီး အက်ဖ်အေဖလားမှာ ဆီမီးဖိုင်နယ်အထိ တက်လှမ်းလာခဲ့တဲ့ ယူနိုက်တက်က ဆီမီးမှာတော့ ချန်ပီယံရှစ်ကလပ် ကိုဗင်ထရီနဲ့ ဆုံတွေ့နေရပြီး တစ်ဖက်မှာတော့ လက်ရှိချန်ပီယံ မန်စီးတီးနဲ့ ချယ်လ်ဆီးအသင်းတို့က ထိပ်တိုက် တွေ့ဆုံလို့နေပါတယ်။

Photo Credit : centredevils

ယူနိုက်တက်ကလည်း ဒီရာသီမှာ ဆုဖလား မျှော်လင့်ချက်အဖြစ် အက်ဖ်အေဖလားတစ်ခုတည်းကိုသာ မျှော်လင့်လို့ရနိုင်မှာဖြစ်ပြီး ပရီးမီးယားလိဂ်ဘက်မှာတော့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ဆက်လက် တိုက်ပွဲဝင်နေရဆဲဖြစ်ကာ လက်ကျန်ပွဲစဉ် (၉)ပွဲသာ ကျန်ရှိနေပါတော့တယ်။

လီဗာပူးလ်အသင်းကို အနိုင်ယူ ကျော်ဖြတ်ခဲ့တဲ့ အခိုက်အတန့်နဲ့ ပတ်သက်ပြီး ဖာနန်ဒက်စ်က “ကျွန်တော်တို့က ဒီအသင်းအတွက် ရာနှုန်းပြည့် ပေးဆပ်ပြီး ကစားပေးတယ် ဆိုပေမယ့် ဒီကလပ်မှာ ကစားရတဲ့အခါ မြင့်မားတဲ့ အဆင့်အတန်းမျိုး ရနေဖို့ကလည်း အမြဲတမ်း လိုအပ်နေပါတယ်။ ဒါတွေကနေ ဝေဖန်ပြစ်တင်မှုတွေကလည်း တစ်စိတ်တစ်ပိုင်းအဖြစ် ပါနေတက်တယ်။”

Photo Credit : centredevils

“ကျွန်တော်တို့မှာ ငယ်ရွယ်နုပျိုတဲ့ ကစားသမားတွေလည်း ရှိနေတယ်။ သူတို့အတွက် အချိန် လိုအပ်တယ်။ နောက်ပြီး သူတို့တွေ ကစားခွင့်ရတဲ့ အခါတိုင်းမှာ သူတို့က ဒီအသင်းမှာ ကစားနိုင်တဲ့ အရည်အချင်းမျိုး ရှိနေတယ် ဆိုတာကို ပြသနိုင်ရပါမယ်။ ကျွန်တော်တို့မှာ ယုံကြည်မှုတွေ ရှိနေပေမယ့် ကျွန်တော်တို့ စွမ်းဆောင်ရည်တွေက တသမတ်တည်း မရှိနေတာကသာ ပြသာနာပါ။”

“ဒီရာသီမှာလည်း ကျွန်တော်တို့က လိုချင်နေတဲ့ အဆင့်အတန်းမျိုးကို မရောက်သေးသလို ပိုပြီး တိုးတက်လာချင်ပါတယ်။ ကျွန်တော် ပြောနေသလို ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က အဆင့်(၄)အတွင်း ဝင်နိုင်အောင်ဖို့ အက်ဖ်အေဖလားကို ဆွတ်ခူးနိုင်ဖို့အတွက် တက်နိုင်သမျှ ကြိုးစားသွားချင်ပါတယ်။ အက်ဖ်အေဖလားဟာလည်း ဒီကလပ်အသင်းအတွက် တကယ့်ကို ကြီးမားတဲ့ ဖလားတစ်ခုပါပဲ။” လို့ ပြောဆိုသွားခဲ့ပါတယ်။