MySport Myanmar

ပထမပိုင်းမှာပဲ (0-2) လောက်နဲ့ အနိုင်ရနေခဲ့သင့်တယ်လို့ ဖာနန်ဒက်စ် ပြောဆို

မနေ့ညက စတမ်းဖို့ဒ်ဘရစ်ချ်မှာ ကျင်းပခဲ့တဲ့ ချယ်လ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ဟာ တစ်ဖက်ကို တစ်ဂိုးစီနဲ့ နောက်ထပ် သရေပွဲတစ်ပွဲအဖြစ်နဲ့ အဆုံးသတ်သွားခဲ့ရပေမယ့်လည်း ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်ကတော့ သူတို့အသင်းအနေနဲ့ ပထမပိုင်းကတည်းက (၂)ဂိုးပြတ်လောက်နဲ့ ဦးဆောင်နေခဲ့သင့်တာလို့ မချိတင်ကဲ ပြောဆိုလိုက်ပါတယ်။

Photo Credit : Yahoo Sports

ယူနိုက်တက်အသင်းဟာ စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းထဲ အိမ်ရှင်ချယ်လ်ဆီးအသင်းကို အကောင်းဆုံး ကစားသွားခဲ့ပြီး တိုက်စစ်ပိုင်းက chances တွေ ရရှိခဲ့ပေမယ့် အဆုံးသတ်ပိုင်းမှာ အားနည်းချက်တွေ ချယ်လ်ဆီးဂိုးသမား ကယ်ပါ လက်စွမ်းပြမှုတွေကြောင့် ဂိုးမရခဲ့ပဲ ရုန်းကန်ခဲ့ရပါတယ်။ အိမ်ရှင်ချယ်လ်ဆီးက မိနစ်(၃၀)နောက်ပိုင်းမှာ ကစားသမား အပြောင်းအလဲ လုပ်ဆောင်ခဲ့ပြီးနောက် ယူနိုက်တက်ကို ကွင်းလယ်မှာ ပြန်လည် ယှဉ်ကစားလာနိုင်ခဲ့ပြီး ပွဲပြီးဖို့ (၄)မိနစ်အလိုမှာ ဂျော်ဂျင်ဟိုက ပင်နယ်တီဂိုးနဲ့ ပွဲကို စတင် ဦးဆောင်ခဲ့ပေမယ့် ကက်စီမီရိုရဲ့ ချေပဂိုးကြောင့်သာ ယူနိုက်တက်တို့ အိမ်ရှင်ချယ်လ်ဆီးဆီကနေ တစ်မှတ်ရရှိခဲ့ပါတယ်။

Photo Credit : Manchester Evening News

ဒီပွဲစဉ်နဲ့ ပတ်သတ်ပြီး ယူနိုက်တက် ကွင်းလယ်လူ ဖာနန်ဒက်စ်က “ပထမပိုင်း ပွဲချိန်တွေက ကျွန်တော်တို့အတွက် ကောင်းမွန်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ ကူကူရယ်လာကို ထုတ်ပြီး ကိုဗာဆစ် ဝင်ရောက် ကစားလာချိန် နည်းစနစ် အပြောင်းအလဲ လုပ်ဆောင်လိုက်ချိန်မှာတော့ ကျွန်တော်တို့တွေ ကွင်းလယ်ပိုင်းမှာ ပြသာနာတချို့ ရှိလာခဲ့တာတော့ သိသာပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့ အခွင့်အရေးတွေ ရလာခဲ့ပါတယ်။ ကျွန်တော်တို့ (0-2) လောက်ကို ဖြစ်သွားခဲ့နိုင်တယ်။ ဒုတိယပိုင်းမှာတော့ သူတို့ ပင်နယ်တီကနေ ဂိုးရလာတယ်။ ဒါပေမယ့် ယုံကြည်မှုက ကျွန်တော်တို့ဆီမှာ ရှိနေခဲ့တယ်။ ကျွန်တော်တို့ ဆက်လက် တိုက်ပွဲဝင်ခဲ့တယ်။ ပြင်းပြတဲ့ စိတ်ဓါတ်ကလည်း တကယ့်ကို မယုံနိုင်အောင်ပါပဲ။ ဒါကြောင့်လည်း ကျွန်တော်တို့ တစ်မှတ်ကို ပိုင်ဆိုင်ခဲ့တယ်။ ဒီတစ်မှတ်က ကျွန်တော်တို့ လိုချင်နေတာမျိုး မဟုတ်ပေမယ့်လည်း ကောင်းမွန်တဲ့ သရေတစ်မှတ်ပါပဲ။ ကျွန်တော်တို့ ဂိုးအဖြစ် ပြောင်းလဲနိုင်လောက်မယ့် အခွင့်အရေးတွေ ရရှိခဲ့တယ်လို့ ထင်ပါတယ်။ ဒါတွေကို လွဲချော်ခဲ့ရတယ်။ ဒါပေမယ့် ကိစ္စတော့ မရှိပါဘူး။ ကျွန်တော်တို့ ဆက်ပြီး အလုပ်ကောင်းကောင်း လုပ်ခဲ့တယ်။ ကျွန်တော့်အတွက်တော့ အရေးကြီးဆုံးအပိုင်းက တစ်ဂိုးနဲ့ ရှုံးနေရပြီးနောက်ပိုင်း ယုံကြည်မှုထားပြီး အတူတကွ အလျှော့မပေး ကြိုးစားမှုပါပဲ။ ဒါက အံ့မခန်းပဲ” လို့ ပြောဆိုလိုက်ပါတယ်။

Exit mobile version