မန်ချက်စတာယူနိုက်တက်အသင်းဟာ မနေ့ညက လာလီဂါကလပ် ရီးယဲလ်ဆိုစီဒက်အသင်းကို ယူရိုပါလိဂ် အုပ်စုနောက်ဆုံးပွဲစဉ်မှာ အနိုင်ရခဲ့ပေမယ့်လည်း head-to-head ရလဒ်ချင်းက တူညီနေပြီး ဂိုးကွာခြားချက်မှာ ဆိုစီဒက်ထက် ယူနိုက်တက်က တစ်ဂိုးလျော့နည်းနေတာကြောင့် အုပ်စုဒုတိယနေရာနဲ့သာ ကျေနပ်လိုက်ရပြီး ချန်ပီယံလိဂ်ကနေ ယူရိုပါလိဂ်ဆီ ကျရောက်လာတဲ့ အသင်းတွေနဲ့ ရှုံးထွက် ပလေးအော့အဆင့်တွင် ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

Photo Credit : BBC

ယူနိုက်တက်အနေနဲ့ ဆိုစီဒက်ကို အနည်းဆုံး (၀-၂)ဆိုတဲ့ ရလဒ်မျိုးနဲ့ အနိုင်ရခဲ့မယ်ဆိုရင် ရှံးထွက်(၁၆)သင်းအဆင့်ဆီကို တစ်ခါတည်း တတ်လှမ်းထားနိုင်မှာ ဖြစ်ပေမယ့်လည်း အုပ်စုဒုတိယနေရာကိုသာ ရရှိလိုက်တာဖြစ်လို့ ရှုံးထွက် ပလေးအော့အဆင့်ကို ဖြတ်သန်းရဦးမှာ ဖြစ်သလို ဒီနှစ်ရာသီမှာကလည်း ချန်ပီယံလိဂ်ကနေ ယူရိုပါလိဂ်ဆီ ရောက်ရှိလာတဲ့ အသင်းတွေက အင်အားကြးီး ကလပ်အသင်းတွေ ဖြစ်နေတာကြောင့် ယူနိုက်တက်အတွက် အခက်တွေ့ရဖွယ် ရှိနေပါတယ်။ ဒါပေမယ့် ယူနိုက်တက်ရဲ့ ဒုတိယ အသင်းခေါင်းဆောင် ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကတော့ ဘယ်အသင်းနဲ့ပဲ ဆုံတွေ့ပါစေ သူတို့အတွက် ပြသာနာ မရှိဘူးလို့ ပြောကြားလိုက်ပါတယ်။

Photo Credit : The Mirror

“အဲ့ဒီလောက်အထိ သိပ်ပြီး တွေးနေစရာ မလိုပါဘူး။ အချိန်တန်ရင် သူတို့ထဲက တစ်သင်းသင်းနဲ့တော့ တွေ့ကို တွေ့ရမှာပဲလေ။ ဒါက ပြသာနာမဟုတ်ပါဘူး။ ဒီဆုဖလားကို ရယူချင်တယ်ဆိုရင်တော့ ကျွန်တော်တို့က အသင်းကောင်းတွေနဲ့ ကစားရမှာပဲလေ။ ဒီအသင်းတွေကို အနိုင်ယူကို ယူရမှာပဲ” လို့ ဆိုစီဒက်နဲ့ ပွဲအပြီး အင်တာဗျူးမှာ ဖြေဆိုလိုက်ပါတယ်။ ယူနိုက်တက်အသင်းဟာ အခုဆိုရင် ချန်ပီယံလိဂ်ကနေ ယူရိုပါလိဂ်ဆီ နန်းကျလာခဲ့တဲ့ ဘာစီလိုနာ ဂျုဗင်တပ်စ် ဆီဗီလာ လေဗာကူဆင် အိုင်းယတ်စ် ဆာလ်ဇ်ဘာ့ဂ် စပို့တင်းလစ္စဘွန်းနဲ့ ရှက်တာဒိုးနက်တို့ထဲက တစ်သင်းသင်းနဲ့ ရှုံးထွက် ပလေးအော့ပွဲစဉ်အဖြစ် ရင်ဆိုင်သွားရတော့မှာဖြစ်ပြီး အသင်းတိုင်းကလည်း ယူနိုက်တက်အတွက် ခက်ခဲတဲ့ ပြိုင်ဘက်တွေ ဖြစ်နေမှာ သေချာပါတယ်။ ဒီ ပလေးအော့အဆင့်ကို ကျော်ဖြတ်ပြီးသွားရင်တော့ အုပ်စုဗိုလ်နေရာ ရရှိထားတဲ့ အသင်းတွေထဲက တစ်သင်းသင်းနဲ့ ရှုံးထွက်(၁၆)သင်းအဆင့်တွင် ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။