MySport Myanmar

ရော်နယ်လ်ဒိုရဲ့ အင်တာဗျူးကို မဖတ်ထားလို့ အဆင်ပြေပါတယ်ဆိုတဲ့ ဖာနန်ဒက်စ်

လက်ရှိမှာ ဟိုးလေးတကျော်ကျော် ဖြစ်နေခဲ့ရတဲ့ ပီယာ့စ်မော်ဂန်နဲ့ ရော်နယ်လ်ဒိုတို့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး အကြောင်းကိစ္စနဲ့ ပတ်သတ်ပြီး သုံးသပ်ပြောဆိုမှုတွေ လုပ်ဆောင်လျက် ရှိနေသလို ရော်နယ်လ်ဒိုနဲ့ မန်ချက်စတာယူနိုက်တက်မှာရော ပေါ်တူဂီမှာပါ အသင်းဖော်တွေ ဖြစ်နေတဲ့ ဘရူနိုဖာနန်ဒက်စ်ကတော့ သူ့အနေနဲ့ ဒီအင်တာဗျူးကို ဝင်ရောက် ဖတ်ရှုထားခြင်း မရှိလို့ ဘာမှ သုံးသပ်ပြောဆိုစရာလည်း မရှိသလို အဆင်ပြေပြေပဲ ရှိနေတယ်လို့ တုံ့ပြန်ထားခဲ့ပါတယ်။

Photo Credit : Sky Sports

ရော်နယ်လ်ဒိုဟာ မော်ဂန်နဲ့ အင်တာဗျူးမှာ ယူနိုက်တက်အသင်းအကြောင်း အပါအဝင် အသင်းပိုင်ရှင် အသင်းဘုတ်အဖွဲ့ဝင်တွေနဲ့ အသင်းနည်းပြတွေအကြောင်းကို စုံစုံလင်လင် ထည့်သွင်းပြောဆိုလာခဲ့ရာ ဒီအင်တာဗျူးက သူတို့အားလုံးအပေါ် သက်ရောက်မှု ရှိခဲ့တယ်လို့ အသင်းဖော် ဗာရန်းက ထုတ်ဖော်ထားခဲ့ပေမယ့်လည်း ဖာနန်ဒက်စ်ကတော့ ဒီအင်တာဗျူးထက် ကမ္ဘာ့ဖလားကိုသာ အာရုံစိုက်ထားတယ်လို့ ပြောဆိုထားခဲ့ပါတယ်။ “အင်တာဗျူးကို ကျွန်တော် မဖတ်ထားဘူးဆိုတော့ အဆင်ပြေပါတယ်”

Photo Credit : The Mirror

“အရင်ကတည်းက ကျွန်တော် ပြောထားခဲ့ဖူးသလိုပဲ အခုလက်ရှိ ပေါ်တူဂီအသင်းအကြောင်းကိုပဲ စိတ်ဝင်စားပါတယ်။ ကျွန်တော်လည်း ရော်နယ်လ်ဒိုကို ပြောခဲ့ဖူးတယ်။ နည်းပြက အသင်းသားတွေကို ငါတို့ ဆိုတာမျိုး မြင်အောင် ညွှန်ပြခဲ့တယ်ဆိုတာ။ ကျွန်တော် ၂၀၁၇ခုနှစ် လက်ရွေးစင်အသင်းကို ရောက်ရှိလာချိန်ကတည်းက အားလုံးကို အသင်းလိုက် စုစည်းမှု ရှိတတ်အောင် နည်းပြက လုပ်ဆောင်ပေးခဲ့တာ။ နောက်ပြီး ရော်နယ်လ်ဒိုရဲ့ စိတ်ထဲမှာလည်း နိုင်ငံအသင်းနဲ့ လက်ရွေးစင်အသင်းဖော်တွေအကြောင်းပဲ ရှိနေမယ်ဆိုတာက သေချာတယ်လို့ ကျွန်တော် ထင်တယ်။ ကမ္ဘာ့ဖလားဆိုတာ လေးနှစ်မှ တစ်ကြိမ် ကျင်းပတဲ့ ပြိုင်ပွဲကြီးဖြစ်လို့ သေချာပေါက်ကို အာရုံစိုက်ထားရပါမယ်။ ရော်နယ်လ်ဒိုက ကမ္ဘာ့ဖလားကို (၅)ကြိမ်အထိ ယှဉ်ပြိုင်ခွင့် ရရှိရတာ အရမ်းကံကောင်းပါတယ်။ အခု ပြိုင်ပွဲဟာလည်း သူ့အတွက် ပဉ္စမမြောက် ကမ္ဘာ့ဖလား ဖြစ်လာမှာပါ။ ဒါကြောင့် သူ အပါအဝင် အသင်းသားအားလုံး အဆင့်သင့်ဖြစ်နေပြီး အားလုံးကလည်း အသင်းအတွက် အကောင်းဆုံး ပေးဆပ်ချင်နေကြပါတယ်” လို့ ဖာနန်ဒက်စ်က ပြောဆိုသွားခဲ့ပါတယ်။ ဖာနန်ဒက်စ် မနေ့ညက နိုင်ဂျီးရီးယားအသင်းနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာလည်း ပေါ်တူဂီအသင်းအတွက် သွင်းဂိုး(၂)ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

Exit mobile version