ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ ဖြစ်သူ အိုလေဂန်နာ ဆိုးလ်ရှား ကတော့ လက်ရှိမှာ အသင်းရဲ့ အဓိက ကစားသမား တစ်ဦး ဖြစ်နေတဲ့ ပေါ်တူဂီ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်ကို အသင်းရဲ့ ကစားသမားဟောင်း တစ်ဦးဖြစ်တဲ့ ပေါ်တူဂီ တိုက်စစ်မှူး ရိုနယ်ဒိုနဲ့ ခိုင်းနှိုင်းကာ ချီးကျူးမှုတွေ ပြုလုပ် သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ ကာလကမှ စပို့တင်း လစ္စဘွန်းအသင်း ကနေ မန်ချက်စတာ ယူနိုက်တက် အသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၅၀သန်း ဝန်းကျင်နဲ့ ရောက်ရှိခဲ့တဲ့ ဘရူနို ဖာနန်ဒက်ဟာ အချိန်တို အတွင်းမှာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အဓိက ကစားသမား တစ်ဦးဖြစ်ပြီး သူ့ကြောင့်ပဲ ချန်ပီယံလိဂ်ဝင်ခွင့် ရခဲ့တာလို့ ပြောနိုင်ပါတယ်။

Photo Credit: Metro

ဘရူနို ဖာနန်ဒက်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းထံ ရောက်ရှိလာပြီးနောက် အသင်းအတွက် ပြိုင်ပွဲစုံမှာ ၃၄ပွဲအထိ ပါဝင် ကစားပေးခဲ့ပြီး သွင်းဂိုး ၂၁ဂိုး သွင်းယူပေးနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၁၂ကြိမ် အထိ ပြုလုပ် ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဖာနန်ဒက်ဟာ လက်ရှိ ပရီးမီးယားလိဂ် ဘောလုံးရာသီမှာ ဂိုးရရှိနိုင်တဲ့ အခွင့်အရေး ဖန်တီးမှု အများဆုံး ပြုလုပ်ပေးနိုင်တဲ့ ကစားသမား တစ်ဦးဖြစ်ပြီး အချက်အလက်တွေ အရ သူ့ရဲ့ ဂိုးရရှိနိုင်တဲ့ အခွင့်အရေး ဖန်တီးမှုဟာ ၂၆ကြိမ် အထိ ရှိကြောင်း သိရပါတယ်။ ဒါ့ကြောင့်ပဲ ဖာနန်ဒက် ကို မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ မရှိမဖြစ် ကစားသမား အဖြစ် သတ်မှတ် ထားကြပြီး ဆိုးလ်ရှား ကတော့ ဖာနန်ဒက်ဟာ အသင်းရဲ့ ကစားသမားဟောင်း ရိုနယ်ဒိုနဲ့ တူညီတဲ့ စိတ်ဓာတ် အရည်အသွေး ရှိကြောင်း ချီးကျူး သွားခဲ့ပါတယ်။

Photo Credit: Metro

ဖာနန်ဒက်နဲ့ ပတ်သတ်ပြီး ဆိုးလ်ရှားက “ ဖာနန်ဒက်ဟာ ခရစ္စတီယာနိုနဲ့ တူညီတဲ့ ပြယုဂ် ရှိသလို အသင်းအပေါ် လွှမ်းမိုးနိုင်တယ်။ အသင်းဖော်တွေကို အားတက်စေပါတယ်။ သူက အသင်းအတွက် များပြားလှတဲ့ အရည်အချင်းတွေကို သယ်ဆောင် ပေးလာသူ ဖြစ်သလို ခေါင်းဆောင်နိုင်စွမ်းလည်း ရှိပါတယ်။ သူက အသင်းအတွက် ကစားပေးတတ်တဲ့ ကစားသမား တစ်ဦးဖြစ်ပြီး ရှေ့ဆက် သွားရမယ့် ကျွန်တော်တို့ အသင်းမှာ အဓိက ကျတဲ့ ကစားသမား တစ်ဦးပါ” လို့ ချီးကျူး သွားခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ယခုတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၁၀အဖြစ် ဆောက်သမ်တန် အသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာပဲ ဖြစ်ပါတယ်။