ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ပေါ်တူဂီ လက်ရွေးစင် အသင်းတို့ရဲ့ အဓိက ကွင်းလယ်လူ ဘရူနို ဖာနန်ဒက် ကတော့ မန်ချက်စတာ ယူနိုက်တက်ထံ တကျော့ပြန် ပြန်လည် ရောက်ရှိလာတဲ့ ခရစ္စတီယာ ရိုနယ်ဒိုဟာ သူတို့အသင်းကို ဆုဖလားများစွာ ရရှိနိုင်အောင် ကူညီလိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောပြလာခဲ့ပါတယ်။

အသက် ၃၆နှစ် အရွယ် ပေါ်တူဂီ ဝါရင့် တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရိုနယ်ဒိုဟာ ယခုနှစ် နွေဈေးကွက် အတွင်းမှာ ဂျူဗင်တပ်အသင်း ကနေ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၂၃သန်း ဝန်းကျင်နဲ့ ပြန်လည် ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းနဲ့ စုစုပေါင်း ၃နှစ်အထိ သက်တမ်း ရှိမယ့် စာချုပ်တရပ် ချုပ်ဆိုထားသူပါ။

Photo Credit: Team Talk

ရိုနယ်ဒိုဟာ ကနဦးမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ မြို့ခံပြိုင်ဘက် ဖြစ်တဲ့ မန်ချက်စတာ စီးတီးအသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပေမယ့် သူ့ရဲ့ ဆရာဟောင်း ဖာဂူဆန် ၊ အသင်းဖော်ဟောင်း ဖာဒီနန် ၊ လက်ရှိ ပေါ်တူဂီ အသင်းဖော် ဘရူနို ဖာနန်ဒက်တို့က ရိုနယ်ဒိုကို မန်ချက်စတာ ယူနိုက်တက်အသင်းထံသာ ပြန်လည် ပြောင်းရွှေ့လာဖို့ တိုက်တွန်းမှုတွေ ပြုလုပ်ခဲ့တာကြောင့် မန်ချက်စတာ စီးတီးအသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချကာ အသင်းဟောင်းထံ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။

လက်ရှိမှာတော့ ရိုနယ်ဒိုကို မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပြန်လည် ရောက်ရှိလာအောင် စည်းရုံးရေး ဆင်းပေးခဲ့တဲ့ ဘရူနို ဖာနန်ဒက်က ရိုနယ်ဒိုနဲ့ ကလပ်အသင်းမှာ အတူတကွဲ ကစားရမယ့်အပေါ် အလွန် ပျော်ရွှင်မိကြောင်း ၊ ရိုနယ်ဒို ပြန်လည် ရောက်ရှိလာတာဟာ အသင်းရဲ့ ယုံကြည်မှုပိုင်းကို မြင့်တက်စေခဲ့သလို ရိုနယ်ဒိုကလည်း အသင်းကို ဆုဖလား ရရှိအောင် ကူညီနိုင်မယ်လို့ ယုံကြည်ကြောင်း အဇာဘိုင်ဂျန်အသင်းနဲ့ ပေါ်တူဂီအသင်းတို့ရဲ့ ပွဲစဉ်အပြီးမှာ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Team Talk

မန်ချက်စတာ ယူနိုက်တက်အသင်းထံ ရိုနယ်ဒို ပြန်လည် ရောက်ရှိလာတာနဲ့ ပတ်သတ်ပြီး ဖာနန်ဒက်က – “အခုချိန်မှာ ကျွန်တော်တို့တွေ အားလုံး စိတ်ဓာတ် တက်ကြွနေပါတယ်။ လူတိုင်းက ခရစ္စတီယာနိုရဲ့ အကြောင်းကို သိကြပြီး သူပြန်ရောက်လာတဲ့ အတွက် ပျော်ရွှင်နေကြသလို ယုံကြည်မှုတွေလည်း ပိုပြီး တိုးလာပါတယ်။ ကျွန်တော်တို့လို ကစားသမားတွေရဲ့ ယုံကြည်မှုတွေလည်း ပိုတိုးလာပါတယ်။ ရိုနယ်ဒိုက ကျွန်တော်တို့ဆီ ဘာတွေ ယူလာပေးမလဲ ဆိုတာ ကျွန်တော်တို့ အားလုံး သိကြတယ်။ ကျွန်တော် သူနဲ့ ဘယ်ဖလားတွေ ရရှိအောင် ကြိုးစားမလဲ ဆိုတာနဲ့ ပတ်သတ်ပြီး ဆွေးနွေးပြီးပါပြီ။ ကျွန်တော်တို့ရဲ့ ပန်းတိုင်နဲ့ မျှော်မှန်းချက်တွေက ရှင်းလင်းပါတယ်။ ရိုနယ်ဒိုက ကျွန်တော်တို့ကို အဲ့ဒီအရာတွေ ရရှိလာအောင် ကူညီပေးမယ့် ကစားသမားပါ” လို့ ဖွင့်ဟ ပြောကြားခဲ့တာပါ။