ပေါ်တူဂီ ကွင်းလယ်လူ ဖာနန်ဒက်စ်ကတော့ မန်ယူ တိုက်စစ်မှူးဟောင်း ရော်နယ်ဒိုကို ဥပမာထားပြီး ကစားနေပြီး ရော်နယ်ဒိုက သူ့ရဲ့ Idol ဖြစ်ပါတယ်လို့ ပြောပြသွားခဲ့တာပဲ ဖြစ်ပါတယ်။ ကွင်းလယ်လူ ဖာနန်ဒက်စ်ဟာ ရော်နယ်ဒိုလို ပေါ်တူဂီကလပ် စပို့တင်း လစ္စဘွန်အသင်းကနေ မန်ယူအသင်းကို ပြောင်းလာခဲ့ပြီး မန်ယူအသင်းမှာ ခြေစွမ်းပြ ကစားနေလျက် ရှိနေပါတယ်။ သူဟာ မန်ယူအသင်းမှာ ကစားတာ (၃) လထဲကို ဝင်လာရုံသာ ရှိသေးပေမဲ့ ဖေဖော်ဝါရီလ တစ်လတာ အကောင်းဆုံး ပရီးမီးယားလိဂ် ကစားသမားဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့ပါတယ်။

Photo Credit: Goal

ကွင်းလယ်လူ ဖာနန်ဒက်စ်ဟာ ပေါ်တူဂီ လက်ရွေးစင်အသင်းမှာ တိုက်စစ်မှူး ရော်နယ်ဒိုနဲ့ တွဲဖက်ကစားရပြီး ပေါ်တူဂီ လက်ရွေးစင်အသင်းအတွက် (၁၉) ပွဲ ကစားထားပြီး ဖြစ်ပါတယ်။ ဖာနန်ဒက်စ်ဟာ လွန်ခဲ့တဲ့ (၂၀၁၇) ခုနှစ်မှာ ပေါ်တူဂီ လက်ရွေးစင်အသင်းအတွက် ပွဲဦးထွက်ပွဲစဉ် ကစားခဲ့ပြီး ရော်နယ်ဒိုရဲ့ နွေးထွေးတဲ့ ကြိုဆိုမှုအကြောင်းကို ပြန်ပြောပြသွားခဲ့ပါတယ်။ ဖာနန်ဒက်စ်က ပေါ်တူဂီ လက်ရွေးစင်အသင်းရဲ့ ခေါ်ယူခြင်းကို ခံရတဲ့ အချိန်မှာ ရော်နယ်ဒိုက ကောင်းမွန်စွာ ကြိုဆိုကြောင်း နဲ့ ချီးကျူးစကားပြောခဲ့ကြောင်း ပြန်လည် ပြောပြခဲ့ပါတယ်။

Photo Credit: Goal

Cronache Di Spogliatoio သတင်းကို ပြောကြားရာမှာ ဖာနန်ဒက်စ်က ” ရော်နယ်ဒိုက ကျွန်တော့်ကို ပေါ်တူဂီ လက်ရွေးစင်အသင်းမှာ ကောင်းမွန်စွာ ကြိုဆိုခဲ့ပါတယ်။ ကျွန်တော်တို့တွေက သူ့ကို Idol လို ကြည့်ပါတယ်။ သူက ကျွန်တော့်အတွက် အမြဲတမ်း Idol တစ်ယောက် ဖြစ်ခဲ့ပါတယ်။ ကျွန်တော် သူ့ကို ဥပမာထားပြီး ကစားနေပါတယ်။ သူက ကျွန်တော့် အကြိုက်ဆုံး ကစားသမား တစ်ဦးပါပဲ။ ကျွန်တော့်ကို ပေါ်တူဂီ လက်ရွေးစင်အသင်းက ခေါ်တဲ့ အချိန်မှာ သူက ကျွန်တော့်ဆီကို လာပြီး “မင်း စပို့တင်းအသင်းမှာ အကောင်းဆုံး ကစားခဲ့တယ်။ ငါ သဘောကျတယ်ကွာ”လို့ ပြောခဲ့ပါတယ်။ အဲဒီလို စကားလုံးတွေက ခြားနားမှု ဖြစ်စေပါတယ်”လို့ ပြောကြာသွားခဲ့ပါတယ်။