မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင် ကွင်းလယ်ကစားသမား ဘရူနို ဖာနန်ဒက်စ်က သူ့အနာဂတ်နဲ့ ပတ်သက်ပြီး ကောလဟာလတွေ ထွက်ပေါ်နေပေမယ့် သူကတော့ ယူနိုက်တက်အသင်းကနေ ထွက်ခွာသွားဖို့ လုံးဝ ဆန္ဒမရှိဘူးလို့ ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။

အသက် (၂၉)နှစ်အရွယ် ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ်လူ ဖာနန်ဒက်စ်ဟာ လွန်ခဲ့တဲ့ ၂၀၁၉ခုနှစ်ကမှ စပို့တင်း လစ္စဘွန်းကနေ ယူနိုက်တက်အသင်းဆီ ရောက်ရှိလာခဲ့ပြီး အဲ့ဒီအချိန်ကနေ စတင်ကာ ဖာနန်ဒက်စ်က ယူနိုက်တက်ရဲ့ အရေးအပါဆုံး ကစားသမားတစ်ယောက် ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Football365

ဒါ့အပြင် ဖာနန်ဒက်စ်က အခုရာသီကနေ စတင်ပြီး ယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင်ပါ ဖြစ်လာခဲ့ရပြီးနောက် ဖာနန်ဒက်စ် မပါဝင်နိုင်တဲ့ ပွဲတွေမှာလည်း အသင်းက ရုန်းကန်နေရတက်ပါတယ်။ ဒါပေမယ့် ဖာနန်ဒက်စ်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ကောလဟာလ သတင်းတွေက ဆက်တိုက် ထွက်ပေါ်လာခဲ့ရာ ဒါတွေက ဖာနန်ဒက်စ်က ပြန်လည် တုံ့ပြန်လာခဲ့ပါတယ်။

“လွန်ခဲ့တဲ့ (၄)နှစ်တုန်းက ကျွန်တော့်အေးဂျင့်က ကျွန်တော့်ကို မန်ချက်စတာ ယူနိုက်တက်အသင်းကနေ လိုချင်နေတယ်လို့ ပြောလိုက်ကတည်းက ကျွန်တော်ရဲ့ အိမ်မက်တွေ ပြီးပြည့်စုံသွားခဲ့ရပါတယ်။ ကျွန်တော် ဒီအသင်းကနေလည်း မထွက်ခွာသွားချင်ပါဘူး။ ဒီအသင်းမှာပဲ ဆက်ရှိနေချင်တာက ကျွန်တော်ရဲ့ အမြဲတမ်း အိမ်မက်တစ်ခုပါပဲ။”

Photo Credit : Clutch Points

“ကျွန်တော်ရဲ့ မျှော်လင့်ချက်တွေကို ကလပ်အသင်းရဲ့ မျှော်လင့်ချက်တွေနဲ့ ကိုက်ညီစေချင်ပါတယ်။ ဘယ်ပရိသတ်တွေနဲ့ ပြောပြော ပရိသတ်တွေကလည်း အတူတူပဲလို့ ပြောကြပါလိမ့်မယ်။ ကျွန်တော်တို့တွေ အမှတ်ပေးလိဂ်မှာ ယှဉ်ပြိုင်သွားချင်တယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ကစားသွားချင်ပါတယ်။ ကလပ်ပြိုင်ပွဲတွေရဲ့ ဖိုင်နယ်တွေမှာလည်း ကစားချင်ပါတယ်။ ဒါက ကျွန်တော်တို့ လိုချင်တာပါ။”

“ကျွန်တော်တို့လည်း ဒါတွေ ဖြစ်လာဖို့အတွက် ဆက်လက် တိုက်ပွဲဝင်သွားချင်ပါတယ်။ နောက်ပြီး ဒီမှာပဲ ဆက်ရှိချင်တယ်။ ကျွန်တော့်မိသားစုကလည်း ဒီမှာပဲ ဆက်နေချင်ကြတာပါ။” လို့ ပြောဆိုသွားခဲ့ပြီး အသင်း ပရိသတ်တွေအနေနဲ့ မန်ချက်စတာဒါဘီ အက်ဖ်အေဖလား ဖိုင်နယ်ပွဲအတွက် အသင်းကို ထပ်မံ အားပေးကြဖို့ပါ တိုက်တွန်းပြောဆိုသွားခဲ့ပါသေးတယ်။