ပရီးမီးယားလိဂ် အင်အားကြီးကလပ် ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ပေါ်တူဂီ လက်ရွေးစင်အသင်းတို့ရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ ဘရူနို ဖာနန်ဒက်ကတော့ သူ့ရဲ့ နိုင်ငံလက်ရွေးစင် အသင်းဖော် ဖြစ်သူ ခရစ္စတီယာနို ရိုနယ်ဒိုဟာ အများထင်သလို တကိုယ်ကောင်းဆန်တဲ့ ကစားသမားမျိုး မဟုတ်ပဲ အသင်းဖော်တွေ စည်းလုံးလာအောင် ပြုလုပ်ပေးနိုင်သူ ဖြစ်ကြောင်း ယမန်နေ့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။ အသက် ၃၆နှစ် အရွယ် ပေါ်တူဂီအသင်းရဲ့ အဓိက တိုက်စစ်မှူးလည်းဖြစ် အသင်းခေါင်းဆောင်လည်း ဖြစ်တဲ့ ရိုနယ်ဒိုဟာ အနိုင်ရလိုစိတ် ပြင်းပျသူ ဖြစ်ပြီး သူ့ရဲ့ အနိုင်ရလိုစိတ်ကြောင့်ပဲ အသင်းဖော်တွေ ဂိုးရနိုင်တဲ့ အခွင့်အရေးတွေကို ဖြုန်းတီးမိတဲ့အခါတိုင်း စိတ်ပျက်လက်ပျက် ဖြစ်သွားတဲ့ သူ့ရဲ့ သွင်ပြင်ကို ကင်မရာတွေထဲမှာ မကြာခဏ ဆိုသလို မြင်တွေ့ခဲ့ရပါတယ်။

Photo Credit: Standard

ဒါကြောင့်လည်း ဘောလုံးပရိသတ် အများစုက ရိုနယ်ဒိုဟာ တကိုယ်ကောင်းဆန်တဲ့ ကစားသမားမျိုးလို့ အထင်ရောက်လေ့ ရှိပြီး ရိုနယ်ဒိုကို စံပြပုဂ္ဂိုလ်အဖြစ် အတုယူကာ ကြိုးစားလေ့ ရှိတဲ့ ဘရူနို ဖာနန်ဒက်ကတော့ ရိုနယ်ဒိုဟာ အများထင်သလို ကစားသမားမျိုး မဟုတ်ကြောင်း ရှင်းပြသွားပါတယ်။ ထို့အပြင် ဖာနန်ဒက်က ရိုနယ်ဒိုဟာ ပေါ်တူဂီအသင်း အတွက် မရှိမဖြစ် ကစားသမား တဦး ဖြစ်သလို သူတို့ကိုလည်း နိုင်ငံနဲ့ အသင်း အတွက် အကောင်းဆုံး ပေးဆပ်ကစားဖို့ အမြဲတမ်း တိုက်တွန်းလေ့ ရှိကြောင်း အဝတ်လဲခန်းအတွင်းက ရိုနယ်ဒိုရဲ့ ခေါင်းဆောင်နိုင်စွမ်းတွေကို ပြောပြသွားပါတယ်။ ရိုနယ်ဒိုနဲ့ ပတ်သတ်ပြီး ဖာနန်ဒက်က –

Photo Credit: Standard

“ရိုနယ်ဒိုဟာ ပွဲတပွဲကို အဆုံးအဖြတ် ပေးနိုင်တဲ့ ကစားသမား တဦးပါ။ သူက ဟန်ဂေရီနဲ့ပွဲမှာ နှစ်ဂိုး သွင်းယူနိုင်ခဲ့ပြီး အဲ့ဒါက နိုင်ပွဲအတွက် အရေးပါခဲ့ပါတယ်။ လူတိုင်းက သူ့ရဲ့ သွင်းဂိုးတွေကို လွယ်လွယ်ကူကူ သွင်းယူနိုင်တဲ့ အရည်အချင်းနဲ့ ပတ်သတ်ပြီး အံ့အားသင့်လေ့ ရှိပါတယ်။ ဒါပေမယ့် ရိုနယ်ဒို ပြောလေ့ရှိတဲ့ စကားတခွန်းက အောင်ပွဲတွေ ရဖို့ အဓိက အရေးအကြီးဆုံးအရာဟာ တသင်းလုံး ဆိုတာပါပဲ။ လူတိုင်းက တခြားလူတွေကို ကူညီဖို့နဲ့ ကိုယ့်ရဲ့နိုင်ငံ အတွက် အကောင်းဆုံး ကြိုးစားဖို့ လိုပါတယ်။ ဒါကြောင့်ပဲ သူကလည်း ကျွန်တော်တို့ရဲ့ အသင်းဖော် တဦး ဖြစ်ပြီး အကောင်းဆုံး လုပ်ဆောင်နိုင်ဖို့ အမြဲတမ်း ကြိုးစားနေသူပါ။ သူ ဘယ်လောက်အထိ ကောင်းလဲ ဆိုတာ ကျွန်တော်တို့ ပြီးခဲ့တဲ့ ပွဲစဉ်မှာ မြင်ပြီးပါပြီ။ ကျွန်တော်တို့တွေ အားလုံးက အဖွင့်ပွဲကို အနိုင်ရခဲ့တဲ့ အတွက် ပျော်ရွှင်နေကြပါတယ်” လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။