ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ယူအသင်းနဲ့ ပေါ်တူဂီ လက်ရွေးစင် အသင်းတို့ရဲ့ အဓိက ကွင်းလယ်လူ ဖြစ်တဲ့ ဖာနန်ဒက် ကတော့ ယနေ့မနက်မှာ ကစားခဲ့တဲ့ နယူးကာဆယ် အသင်းနဲ့ ပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူပေးနိုင်ခဲ့တဲ့ ညာနောက်ခံလူ ဘစ္စကာဟာ အခုလို အသင်းအတွက် သွင်းဂိုး သွင်းယူပေးနိုင်လိမ့်မယ် လို့ မထင်ထားခဲ့ကြောင်း ပွဲအပြီးမှာ ဖွင့်ဟ ပြောကြား သွားခဲ့ပါတယ်။ ယနေ့ မနက်အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့ကြတဲ့ နယူးကာဆယ် အသင်းနဲ့ မန်ယူအသင်းတို့ရဲ့ ပွဲစဉ်မှာတော့ မန်ယူအသင်းဟာ အဝေးကွင်းမှာ နောက်ကျ အနိုင်ဂိုးတွေ ရခဲ့ပြီး ၁-၄ ဆိုတဲ့ ဂိုးပြတ် နိုင်ပွဲတစ်ပွဲ ရရှိခဲ့ပါတယ်။

Photo Credit: Goal

မန်ယူအသင်းဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ စပါးအသင်းကို ၁-၆ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အရေးနိမ့် ခဲ့တာကြောင့် နယူးကာဆယ် အသင်းနဲ့ ပွဲစဉ်မှာ ရလဒ်ကောင်းတစ်ခု ရရှိဖို့ လိုအပ်ခဲ့ပြီး ပွဲအစပိုင်းမှာ ပေးခဲ့ရတဲ့ လုခ်ရှောရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူမှုကြောင့် အနောက်ကနေ လိုက်ကစားခဲ့ရပါတယ်။ ဒါပေမယ့် ဒီနေ့ပွဲစဉ် မှာတော့ မန််ယူအသင်းရဲ့ ကစားသမားတွေ ဖြစ်တဲ့ ရက်ဖို့ဒ် ၊ မာတာ ၊ ဖာနန်ဒက် ၊ မက်ဂွိုင်းယား ၊ ဘစ္စကာ တို့ဟာ ပုံမှန်ခြေစွမ်းကောင်း တစ်ခုမှာ ရှိနေတာကြောင့် မန်ယူအသင်းဟာ ချေပဂိုးကို ခပ်မြန်မြန်ပဲ ရရှိခဲ့ပါတယ်။ မန်ယူအသင်း အတွက် ချေပဂိုးကိုတော့ ပွဲကစားချိန် ၂၃မိနစ်မှာ အသင်းခေါင်းဆောင် မက်ဂွိုင်းယားက သွင်းယူ ပေးခဲ့ပြီး ချေပဂိုး ရရှိအပြီးမှာတော့ ပွဲဟာ မန်ယူအသင်းရဲ့ လက်ထဲကို ရောက်ရှိ သွားခဲ့ပါတယ်။

Photo Credit: Goal

တစ်ဖက်တစ်ဂိုးစီ သရေကျအပြီးမှာ မန်ယူအသင်းဟာ နယူးကာဆယ် အသင်းဘက်ကို တရစပ် တိုက်စစ်ဆင် ခဲ့ပေမယ့် နယူးကာဆယ်အသင်းရဲ့ ဂိုးသမား ဒါလိုရဲ့ ကောင်းမွန်တဲ့ လက်စွမ်းတွေကြောင့် ဦးဆောင်ဂိုး ရရှိဖို့ ရုန်းကန်ခဲ့ရပြီး ဒါလိုဟာ ဖာနန်ဒက်ရဲ့ ပင်နယ်တီကိုလည်း ကာကွယ် နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပွဲကစားချိန် ၈၆ မိနစ်မှာတော့ မန်ယူအသင်းဟာ ဦးဆောင်ဂိုး ရရှိသွားခဲ့ပြီး တန်ပြန်တိုက်စစ် ကနေ တဆင့် ဖာနန်ဒက်ဟာ အဝေးထောင့်ကို အချိန်အဆမှန်မှန်နဲ့ ကန်သွင်းကာ ဂိုးသွင်းယူ ပေးခဲ့တာပါ။ အဲ့ဒီနောက်မှာတော့ ပွဲဟာ မန်ယူအသင်းရဲ့ လက်ထဲကို ရောက်ရှိသွားပြီး ပွဲကစားချိန် မိနစ် ၉ဝမှာ ဘစ္စကာက သွင်းဂိုးတစ်ဂိုး ၊ ပွဲကစားချိန် ၉၆မိနစ်မှာ ရက်ဖို့ဒ်က သွင်းဂိုးတစ်ဂိုး သွင်းယူပေးခဲ့တာကြောင့် ဂိုးပြတ်နိုင်ပွဲ တစ်ပွဲကို ရရှိသွားခဲ့ပါတယ်။

Photo Credit: Goal

အဆိုပါပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဘစ္စကာဟာ သူ့ရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝမှာ ပထမဦးဆုံး အကြိမ် သွင်းဂိုးတစ်ဂိုး ရရှိခဲ့တာ ဖြစ်ပြီး ဖာနန်ဒက်ကတော့ ပွဲပြီး အင်တာဗျူးမှာ ဘစ္စကာ ဂိုးသွင်းယူနိုင်တာကို မယုံကြည်နိုင်ဘူးလို့ ဆိုကာ သူ့ရဲ့ အသင်းဖော်ကို စနောက် သွားခဲ့ပါတယ်။ ဘစ္စကာရဲ့ သွင်းဂိုးနဲ့ ပတ်သတ်ပြီး ဖာနန်ဒက်က “သူ ဒီလို ကန််နိုင်တယ် ဆိုတာ ကျွန်တော်တို့ မသိထားကြပါဘူး” လို့ ပြောကြား သွားတာပါ။ ဒါ့အပြင် ဖာနန်ဒက်က သူ့ရဲ့ ပင်နယ်တီကို ကာကွယ်နိုင်ခဲ့တဲ့ နယူးကာဆယ် ဂိုးသမား ဒါလိုကိုလည်း “မင်းဟာ ငါ့ရဲ့ ပင်နယ်တီကို ကာကွယ်နိုင်ခဲ့တဲ့ ပထမဦးဆုံး ပရီးမီးယားလိဂ် ဂိုးသမားပါ” လို့ ချီးကျူး သွားခဲ့ပါသေးတယ်။