ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင် ဖြစ်သူ ဘရူနို ဖာနန်ဒက်က သူဟာ ဘရိုက်တန်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ ကစားခဲ့တဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲမှာ ရခဲ့တဲ့ ဒဏ်ရာကြောင့် အခုချိန်အထိ နာကျင်မှုကို ခံစားနေရဆဲ ဖြစ်ပေမယ့် အသင်းအတွက် ရာနှုန်းပြည့် ပေးဆပ် ကစားနေဆဲပါလို့ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ၁-၀ ဗီလာ ပွဲစဉ်မှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၈နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်က စပို့တင်း လစ္စဘွန်းကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့လာပြီးနောက် အသင်းရဲ့ အဓိက ကွင်းလယ်လူ တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်သလို ယခုနှစ် ဘောလုံးရာသီမှာလည်း အဲရစ်ဆင် ၊ ကတ်စ်မဲရိုးတို့နဲ့ ပူးပေါင်းကာ အသင်းရဲ့ ကွင်းလယ်ကို အကောင်းဆုံး ထိန်းကျောင်းပြထားပါတယ်။

Photo Credit: Mirror

ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ အက်စ်တွန်ဗီလာ ပွဲစဉ်မှာလည်း ဖာနန်ဒက်က အဲရစ်ဆင် ၊ ကတ်စ်မဲရိုးတို့နဲ့ ပူးပေါင်းကာ အသင်းရဲ့ ကွင်းလယ်ကို ဦးဆောင် ကစားနိုင်ခဲ့သလို အသင်းအတွက် တလုံးထဲသော သွင်းဂိုးကိုလည်း ပွဲချိန် ၃၉မိနစ်မှာ အသင်းဖော် ရက်ဖို့ဒ်ရဲ့ ကန်ချက်ကနေ လျှံထွက်လာတဲ့ ဘောလုံးကို အပိုင် ပိတ်သွင်းကာ သွင်းယူပေးနိုင်ခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ၁-၀ ဗီလာ ပွဲအပြီးမှာတော့ ဘရူနို ဖာနန်ဒက်က သူဟာ ဒဏ်ရာကြီးနဲ့ အသင်းအတွက် ပါဝင် ကစားပေးရင်း အနိုင်ဂိုး တဂိုး သွင်းယူပေးခဲ့တာ ဖြစ်ပြီး သူဟာ အသင်းဘက်က သူ့ကို လိုအပ်တဲ့ အချိန်တိုင်း ကစားပေးနိုင်ဖို့ သူ့ရဲ့ ကျန်းမာရေးကို အမြဲတမ်း ဂရုစိုက်လေ့ ရှိကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Pulse Sports

ဖာနန်ဒက်က – “ကျွန်တော်က ဆီမီးဖိုင်နယ်ပွဲမှာ ဒဏ်ရာတခု ရခဲ့ပါတယ်။ အဲ့ဒီဒဏ်ရာကြောင့် အခုချိန်အထိ နာကျင်မှုကို ခံစားနေရဆဲ ဆိုပေမယ့် ကျွန်တော်က အသင်းအတွက် ကစားနိုင်ပါသေးတယ်။ နည်းပြက ကျွန်တော်တို့ကို လိုအပ်တဲ့ အချိန်တိုင်း ကျွန်တော်က အသင်းကို ကူညီဖို့ အဆင်သင့်ပါပဲ။ ကျွန်တော်က အသင်းကို အမြဲတမ်း ကူညီနိုင်အောင်လို့လည်း အကောင်းဆုံး ကြိုးစားနေပါတယ်။ ကျွန်တော်က နေမကောင်း မဖြစ်အောင် ကြိုးစားနေထိုင်တယ်။ ပြီးတော့ ကျန်းမာရေးနဲ့ ညီညွတ်တာတွေ စားပြီး အသင်းအတွက် ပွဲတိုင်းမှာ ပါဝင် ကစားပေးနိုင်အောင် ကြိုးစားနေပါတယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။