ပေါ်တူဂီအသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဘရူနိုဖာနန်ဒက်စ်ကတော့ ပြီးခဲ့တဲဲ့ ဆောင်းရာသီ အပြောင်းအရွှေ့စျေးကွက်ထဲမှာ စပို့တင်းလစ္စဘွန်းအသင်းကနေ မန်ချက်စတာယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့ကြေး ပေါင်(၅၅)သန်းနဲ့ ရောက်ရှိလာခဲ့ပြီး သူရောက်ရှိလာချိန်မှာပဲ ယူနိုက်တက်အသင်းရဲဲ့ကွင်းလယ်ပိုင်းက ပိုမိုအားကောင်းလာခဲ့ကာ အသင်းအတွက် ပြိုင်ပွဲစုံသွင်းဂိုး(၃)ဂိုးနဲ့ ဂိုးဖန်တီးမှု(၄)ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ ကိုရိုနာဗိုင်းရပ်စ်ပြသာနာကြောင့် ဖာနန်ဒက်စ်ဟာ သူရဲ့နေအိမ်မှာသာ အနားယူနေလျက်ရှိပါတယ်။

Photo Credit : Sky Sport

အသက်(၂၅)နှစ်အရွှယ်ရှိ ကွင်းလယ်ကစားသမားဖာနန်ဒက်စ်ဟာ အခုလို ဗိုင်းရပ်စ်ဂယက်ကြောင့် အနားယူနေရချိန်အတွင်း သူရဲ့အင်စတာဂရမ် လူမှုကွန်ယက်ကို အသုံးပြုရင်းနဲ့ သူ့ဘက်ကနေ ယူနိုက်တက်အသင်းဆီ ခေါ်ဆောင်စေချင်တဲ့ ကစားသမားတစ်ဦးကို ရွေးချယ်ပေးသွားခဲ့ပါတယ်။ ဖာနန်ဒက်စ်က “ဒီလို ရွေးချယ်ဖို့ကတော့ ကျွန်တော့်အတွက် အရမ်းခက်ခဲပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်နဲ့ ခင်မင်ဖူးခဲ့တဲ့ အသင်းဖော်တွေက အများကြီးကို ရှိနေလို့ပါ။ ဒါပေမယ့် မဖြစ်မနေ ရွေးရမယ်ဆိုရင်တော့ ဖရန်ဆစ်စကိုရာမို့စ်ကို ရွေးချယ်ချင်ပါတယ်” လို့ ပြောဆိုလိုက်ပါတယ်။

Photo Credit : Record

အခုလို ဖာနန်ဒက်စ် ရွေးချယ်သွားခဲ့တဲ့ ဖရန်ဆစ်စကိုရာမို့စ်ဆိုတာ ဖာနန်ဒက်စ်နဲ့ ပေါ်တူဂီလူငယ်အသင်းမှာ အသင်းဖော်တွေဖြစ်ခဲ့ဖူးတယ်ဆိုပေမယ့် ဖာနန်ဒက်စ်လိုတော့ တောက်ပတဲဲ့ ကြယ်တစ်ပွင့်မဖြစ်လာခဲ့ပဲ လူသိနည်းသေးတဲ့ ကစားသမားအဖြစ်နဲ့ ကျင်လည်နေခဲ့ရပါတယ်။ ပေါ်တူဂီကလပ် ဗစ်တိုရီးယားအသင်းရဲ့ ကစားသမားဖြစ်တဲ့ ဖရန်ဆစ်စကိုရာမို့စ်ဟာ လက်ရှိမှာတော့ ဆန်တာကလဲရာအသင်းဆီ အငှားနဲ့ လာရောက်ကစားနေသူလည်းဖြစ်ပါတယ်။ ဒီလို အသင်းဖော်နဲ့ ယူနိုက်တက်မှာ တွဲကစားချင်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့တဲ့ ဖာနန်ဒက်စ်က သူရဲ့ကစားသမားဘဝမှာ သူအပေါ်အလွှမ်းမိုးဆုံးနည်းပြအဖြစ် ၂၀၁၇ခုနှစ်တုန်းက ဆမ်ဒိုရီးယားကနေ စပို့တင်းလစ္စဘွန်းအသင်းဆီ ခေါ်ဆောင်ခဲ့တဲ့ စပို့တင်းနည်းပြဟောင်း ဂျော့ဂျီးဆပ်ကို ရွေးချယ်ခဲ့ပါတယ်။ ဖာနန်ဒက်စ်က ဒီရာသီမှာ သူရဲ့ယူနိုက်တက်အသင်းကို အဆင့်(၄)အတွင်း ဝင်ရောက်နိုင်အောင် အစွမ်းကုန်ကြိုးစားပေးသွားမှာဖြစ်ပြီး လက်ရှိမှာတော့ ချန်ပီယံလိဂ်ဝင်ခွင့်က သူတို့အတွက် အရေးအကြီးဆုံးလို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။