ပရီးမီးယားလိဂ် နာမည်ကြီးအသင်းဖြစ်တဲ့ မန်ယူအသင်းနဲ့ ပေါ်တူဂီအသင်းရဲ့ ကွင်းလယ်လူ တစ်ဦးဖြစ်တဲ့ ဘရူနို ဖာနန်ဒက် ကတော့ ပေါ်တူဂီအသင်းဖော် ရိုနယ်ဒိုမှာ ကိုရိုနာဗိုင်းရပ် ကူးစက်ခံထားရကြောင်း စစ်ဆေး တွေ့ရှိ အပြီးမှာတော့ မန်ယူအသင်းရဲ့ ပွဲစဉ်တချို့ကိုပါ လွဲချော်နိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရကြောင်း သိရပါတယ်။ ပေါ်တူဂီအသင်းရဲ့ အသင်းခေါင်းဆောင် ဖြစ်တဲ့ ခရစ္စတီယာနို ရိုနယ်ဒိုဟာ ကိုရိုနာဗိုင်းရပ် ကူးစက် ခံထားရကြောင်း ပေါ်တူဂီ ဘောလုံးအဖွဲ့ချုပ်က ယမန်နေ့မှာ ထုတ်ပြန် ကြေညာခဲ့ပြီး ရိုနယ်ဒိုမှာ ကိုရိုနာဗိုင်းရပ် ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပေမယ့် အခြား ပေါ်တူဂီအသင်းရဲ့ ကစားသမားတွေ မှာတော့ ကိုရိုနာ ဗိုင်းရပ် မရှိဘူးလို့ တာဝန်ရှိသူတွေက ပြောကြားထားပါတယ်။

Photo Credit: Express

ဒါပေမယ့် ဘရူနို ဖာနန်ဒက်ဟာ အင်္ဂလန်နိုင်ငံကို ပြန်လာတဲ့ အချိန်မှာတော့ အင်္ဂလန်နိုင်ငံရဲ့ ကွာရန်တင်း စည်းမျဉ်းတွေကြောင့် ၁၄ရက် ကြာအောင် တစ်ဦးထဲ သီးသန့်နေထိုင်ရဖွယ် ရှိကြောင်း နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ The Times သတင်းဌာနက ဖော်ပြ သွားပါတယ်။ အင်္ဂလန်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ် ပျံ့နှံ့ ကူးစက် နေတဲ့ နိုင်ငံတွေထဲမှာ ပါဝင်နေတဲ့ နိုင်ငံတစ်ခုဖြစ်ပြီး နိုင်ငံအတွင်းမှာ ကိုရိုနာဗိုင်းရပ် ကူးစက်ပျံ့နှံ့မှု လျော့နည်း သွားစေရန်အတွက် တင်းကျပ်တဲ့ စည်းမျဉ်းတွေနဲ့ ကိုင်တွယ်နေပါတယ်။ မန်ယူအသင်းရဲ့ ကစားသမားသစ် တစ်ဦးဖြစ်တဲ့ ကာဗာနီဟာ ကိုရိုနာဗိုင်းရပ် ကူးစက်ခံရမှု ကနေ ပြန်လည် သက်သာလာသူ ဖြစ်ပေမယ့် အသင်းသစ် အတွက် ပါဝင် ကစားပေးခွင့် မရသေးပဲ ၁၄ရက် ကွာရန်တင်း ဝင်နေရပါတယ်။

Photo Credit: Express

ဒါ့ကြောင့် ဘရူနို ဖာနန်ဒက်ဟာ အင်္ဂလန််နိုင်ငံကို ပြန်လာတဲ့ အချိန်မှာ ကွာရန်တင်း ဝင်ရဖွယ် ရှိနေကြောင်း အင်္ဂလန် သတင်းထောက် တချို့က သုံးသပ်ထားကြပြီး အဆိုပါ သတင်းသာ မှန်ကန်မယ် ဆိုရင်တော့ မန်ယူအသင်းဟာ အတော်လေးကို ခက်ခဲတဲ့ အခြေအနေ တစ်ခုနဲ့ ရင်ဆိုင်ရတော့မှာလည်း ဖြစ်ပါတယ်။ မန်ယူအသင်းဟာ လာမယ့် နှစ်ပတ် အတွင်းမှာ နယူးကာဆယ် ၊ ပီအက်စ်ဂျီ ၊ ချယ်လ်ဆီး ၊ လစ်ဇက် စတဲ့ အသင်းတွေနဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်တာကြောင့် ဖာနန်ဒက်လို အသင်းရဲ့ အဓိက ကစားသမား တစ်ဦးကိုသာ လက်လွှတ်ခဲ့ရပါက အဆိုပါ ပွဲစဉ်တွေမှာ ကျိန်းသေပေါက် အခက်အခဲတွေနဲ့ ရင်ဆိုင်ရဖွယ် ရှိပါတယ်။