MySport Myanmar

နယူးကာဆယ်နဲ့ ပွဲစဉ်အထိပါ ဆက်လက် လွဲချော်သွားရနိုင်တဲ့ ဘရူနို ဖာနန်ဒက်စ်

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင် ကွင်းလယ်ကစားသမား ဘရူနို ဖာနန်ဒက်စ်ကတော့ ဒဏ်ရာ အခြေအနေတွေကြောင့် နယူးကာဆယ်နဲ့ ပွဲစဉ်ကိုပါ ဆက်လက် လွဲချော်သွားရနိုင်တယ်လို့ နည်းပြ အဲရစ် တန်ဟက်ဂ်က ပြောဆိုလာခဲ့ပါတယ်။

အသက် (၂၉)နှစ်အရွယ် ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ်လူ ဖာနန်ဒက်စ်ဟာ ကစားသမားဘဝတစ်လျှောက်လုံးမှာ ဒဏ်ရာ ရရှိမှု အနည်းဆုံးသော ကစားသမားတစ်ဦးဖြစ်ပြီး ယူနိုက်တက် ကစားသမားတွေထဲလည်း ဒဏ်ရာရ အနည်းဆုံးသူ ဖြစ်လို့နေပါတယ်။

Photo Credit : The North West Star

ဖာနန်ဒက်စ်ဟာ ယူနိုက်တက် ကစားသမားဘဝအတွင်း ဖျားနာမှုကြောင့် ၂၀၂၁-၂၀၂၂ ဘောလုံးရာသီထဲ စပါးအသင်းနဲ့ ပွဲစဉ်ကိုသာ လွဲချော်ခဲ့ရပြီး အခု ဒူးဒဏ်ရာကြောင့်သာ ခရစ္စတယ် ပဲလေ့စ်နဲ့ အာဆင်နယ်တို့ ပွဲစဉ်တွေအထိ ဆက်တိုက် လွဲချော်ခဲ့ရပါတယ်။

ပိုဆိုးတာကတော့ ဒီရာသီရဲ့ အိမ်ကွင်း နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ နယူးကာဆယ်နဲ့ ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်ကိုပါ ဖာနန်ဒက်စ်က ဆက်လက် လွဲချော်သွားရနိုင်တဲ့ အခြေအနေမှာ ရှိနေပြီး ဒါက ယူနိုက်တက်အသင်းအတွက်ပါ ထိုးနှက်ချက်ကြီး ဖြစ်နေပါလိမ့်မယ်။

Photo Credit : FIFPro

အခု ဖာနန်ဒက်စ် မပါဝင်နိုင်တဲ့ ပွဲစဉ်(၂)ပွဲမှာလည်း ယူနိုက်တက်အသင်းက တိုက်စစ်ပိုင်း လိုအပ်ချက်တွေနဲ့ အားနည်းချက်တွေ ဖြစ်ပေါ်နေခဲ့ရတဲ့အပြင် တခြားသော လစ်ဟာမှုတွေပါ မြင်တွေ့ထားခဲ့ရပါသေးတယ်။ ဒါ့အပြင် အသင်းမှာကလည်း ဒဏ်ရာရ ကစားသမားတွေ များပြားနေရခြင်းကလည်း ယူနိုက်တက်အတွက် စိုးရိမ်စရာ အနေအထားတွေ ဖြစ်နေရပါတယ်။

ယူနိုက်တက်က ဒီရာသီမှာ နယူးကာဆယ် ဘရိုက်တန်တို့နဲ့ ပရီးမီးယားလိဂ် ပွဲ(၂)ပွဲ ကစားရဖို့ ရှိနေသလို ဒီပွဲတွေပြီးရင်တော့ မြို့ခံကလပ် မန်စီးတီးနဲ့ အက်ဖ်အေဖလား ဖိုင်နယ်ပွဲကို ကစားရမှာဖြစ်ပြီး အဲ့ဒီပွဲကတော့ ဒီရာသီ ယူနိုက်တက်အတွက် အရေးအကြီးဆုံး ပွဲတစ်ပွဲ ဖြစ်လာနိုင်ပါလိမ့်မယ်။

Exit mobile version