ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ ဘရူနို ဖာနန်ဒက်စ်ကတော့ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၉)မှာ မြို့ခံပြိုင်ဘက် မန်ချက်စတာ စီးတီးကို အဝေးကွင်းမှာ ၆-၃ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပြီးနောက် ရှုံးပွဲကနေ အမြန်ဆုံး ပြန်ရုန်းထွက်ကြဖို့ အသင်းဖော်တွေကို နှိုးဆော် တိုက်တွန်းသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ပရီးမီးယားလိဂ် ပွဲစဉ်(၉) အဖြစ် အဝေးကွင်းမှာ မန်ချက်စတာ စီးတီးကို သွားရောက် ရင်ဆိုင် ကစားခဲ့ရာ မန်ချက်စတာ စီးတီးရဲ့ တိုက်စစ်မှူး အာလင်း ဟာလန်းကို ဘယ်လိုမှ ထိန်းချုပ်ကစားနိုင်ခြင်း မရှိခဲ့တာကြောင့် ဟာလန်းနဲ့ ဖိုဒန်တို့ရဲ့ ဟက်ထရစ်တို့ကို ခွင့်ပြုခဲ့ရသလို ကစားကွက်ပိုင်းမှာလည်း ယှဉ်ကစားနိုင်ခဲ့ခြင်း မရှိပါဘူး။

Photo Credit: Standard

အဆိုပါပွဲစဉ်မှာ မန်ချက်စတာ စီးတီး အတွက် သွင်းဂိုးတွေကို ဟာလန်းနဲ့ ဖိုဒန်တို့ နှစ်ဦးထဲကသာ သွင်းယူပေးခဲ့တာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် အတွက် သိက္ခာဆယ် ချေပဂိုးတွေကိုတော့ တောင်ပံတိုက်စစ် ကစားသမား အန်တိုနီနဲ့ လူစားဝင် တိုက်စစ်မှူး မာရှယ်တို့က သွင်းယူပေးခဲ့ကြတာပါ။

မန်ချက်စတာ စီးတီး ၆-၃ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်အပြီးမှာတော့ မန်ချက်စတာ ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူ ကစားခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ်က သူတို့အသင်းရဲ့ ကစားသမား အများစုဟာ ဒီပွဲမှာ ယုံကြည်မှု နည်းပါးနေခဲ့ကြောင်း ဖွင့်ဟ ဝန်ခံသွားခဲ့ပြီး ရှုံးပွဲကနေ အမြန်ဆုံး ပြန်လည် ရုန်းထွက်ကြဖို့ အသင်းဖော်တွေကို ဆော်ဩသွားခဲ့ပါတယ်။

Photo Credit: Standard

ဘရူနို ဖာနန်ဒက်စ်က – “ဒီနေ့ပွဲမှာ ကျွန်တော်တို့ အသင်းသားတွေရဲ့ ယုံကြည်မှုက အကောင်းဆုံး အနေအထား တရပ်မှာ မရှိခဲ့ပါဘူး။ ယုံကြည်မှု နည်းပါးခဲ့မှုကပဲ ကျွန်တော်တို့ကို ပြဿနာတွေ ဖြစ်စေခဲ့ပြီး ပေးဂိုးတွေကို ခပ်စောစော ပေးရစေခဲ့တာပါ။ ကျွန်တော်တို့က ဒုတိယပိုင်းမှာတော့ ပိုကောင်းတဲ့ ကစားဟန် တရပ်ကို ပြသနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့က ပွဲကို ပိုပြီး ထိန်းချုပ် ကစားနိုင်ခဲ့သလို ရှုံးနိမ့်နေတာကြောင့် အရှေ့ကို ပိုတက်ကစားခဲ့ရတဲ့ အတွက် ပေးဂိုးတွေလည်း ပြန်ပေးခဲ့ရပါတယ်။ မန်ချက်စတာ စီးတီးလို အသင်းမျိုးကို နေရာလွတ်တွေ အများကြီး ပေးလို့ မရပါဘူး။ ဒီနေ့ပွဲရဲ့ ရလဒ်ပိုင်း အတွက် ကျွန်တော်တို့တွေ အတော်လေးကို စိတ်ပျက်နေကြပါတယ်။ ဒါပေမယ့် အခုကတော့ နောက်တပွဲ အတွက်ပဲ အာရုံစိုက်ရမယ့် အချိန်ပါ။ ကျွန်တော်တို့တွေဟာ နိုင်ငံတကာပွဲစဉ်တွေ မကစားခင်က ပြသခဲ့တဲ့ ခြေစွမ်း ၊ ယုံကြည်မှုနဲ့ စည်းလုံးမှုတို့ကို ပြန်လည် ရှာဖွေရပါမယ်။ ကျွန်တော်တို့တွေ အမြန်ဆုံး ရလဒ်ဆိုးကနေ ပြန်ရုန်းထွက်နိုင်ရပါမယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။