မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အဓိက ကစားသမား တစ်ဦးဖြစ်လာခဲ့တဲ့ ဘရူနို ဖာနန်ဒက်ဟာ သူ့အနေနဲ့ မန်ယူကို ပြောင်းရွှေ့လာရတာဟာ ဆုဖလားများစွာကို ဆွတ်ခူးချင်လို့ ပြောင်းရွှေ့လာရတာ ဖြစ်ကြောင်းနဲ့ အသင်းအနေနဲ့ အမှတ်ပေးဖလားကို မရရှိတာ နှစ်အတော်ကြာပြီ ဖြစ်ကြောင်း နောက်ဆုံးပြုလုပ်ခဲ့တဲ့ အင်တာဗျုးတစ်ခုမှာ ပြောကြားလိုက်ပါတယ်။ ဆက်လက်ပြီး ဘရူနို ဖာနန်ဒက် က သူ့အနေနဲ့ အခြားသော အသင်းတွေက မန်ယူထက်ပိုပြီး ကောင်းတယ်ဆိုတဲ့ လူတွေရဲ့ အမြင်တွေကို ဂရုမစိုက်ကြောင်းနဲ့ မန်ယူအသင်းမှာ ပရီးမီးယားလိဂ် ဖလားကို အရယူဖို့ အတွက် စိတ်ဓာတ်ခွန်အား အပြည့်ရှိတယ်လို့ ယုံကြည်ကြောင်း ပြောဆိုခဲ့ပါတယ်။

Photo Credit: Sky Sports

ယူနိုက်တက် အသင်းအနေနဲ့ တစ်ချိန်က အောင်မြင်မှုများစွာ ဆွတ်ခူးနိုင်ခဲ့တဲ့ အသင်းတစ်သင်းလို့ ဆိုရင် မမှားပေမယ့် အခုချိန်မှာတော့ အသင်းရဲ့ အခြေအနေက ဆိုးဝါးနေတယ်လို့ ဆိုရမှာပါ။ မန်ယူအနေနဲ့ နောက်ဆုံးဆုဖလား ရရှိခဲ့တဲ့အချိန်က‌တော့ ၂၀၁၇ ခုနှစ်က နည်းပြ မော်ရင်ဟိုရဲ့ လက်ထက်က ဖြစ်ပြီး ထိုအချိန်က ယူရိုပါလိဂ်ဖလား တစ်လုံးနဲ့ ကာရာဘောင်ဖလားတို့ကို တစ်ပြိုင်နက်ထဲ ရယူနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက် မှာတော့ အသင်းအနေနဲ့ ဆုဖလား တစ်ခုတစ်လေကိုမှ မရရှိတော့ပါဘူး၊ ကွင်းလယ်ကစားသမား ဘရူနို ဖာနန်ဒက် ဟာ မန်ချက်စတာယူနိုက်တက် ကို ယခုနှစ်အစောပိုင်း ဇန်နဝါရီလ က ရောက်ရှိလာတာ ဖြစ်ပြီး ဘရူနို ရောက်‌လာပြီး နောက်ပိုင်းမှာ အသင်းအနေနဲ့ တိုးတက်လာတယ်လို့ ဆိုရမှာပါ။ ဘရူနိုဟာ ပြီးခဲ့တဲ့ ရာသီက အသင်းကို အက်ဖ်အေဖလား ဆီးမီးဖိုင်နယ် နဲ့ ယူရိုပါလိဂ်ဖလား ဆီမီးဖိုင်နယ်တို့ကို ရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ သလို အမှတ်ပေးဇယားရဲ့ တတိယနေရာကို ရောက်ရှိအောင် စွမ်းဆောင် ပေးခဲ့ကာ အသင်းကို ချန်ပီယံလိဂ် ဝင်ခွင့် ရရှိစေခဲ့ပါတယ်။

Photo Credit: Sky Sports

 

ဘရူနို ဖာနန်ဒက် ကတော့ မန်ယူအသင်းရဲ့ စိတ်ဓာတ်ပိုင်းကို အင်တာဗျုးမှာ အခုလိုပဲ ပြောပြခဲ့ပါတယ်။ “ ကျွန်တော့် အတွက်တော့ တစ်ခြားအသင်းတွေက ဘာဖြစ်နေတယ်ဆိုတာ အရေးမပါ ပါဘူး။ တစ်ခြားအသင်းတွေက ကျွန်တော်တို့ထက် သာတယ်ဆိုပြီး လူတွေက ပြောကြမယ်၊ တစ်ခြားအသင်းတွေက ကျွန်တော်တို့ထက် ပထမပွဲစဉ် ၁၁ ပွဲမှာ ရလဒ်ပိုကောင်းတယ် ဆိုပြီး ပြောကြမယ်၊ လူတွေ သူတို့ ထင်သလို ပြောလို့ရပါတယ်။ ကျွန်တော်ကတော့ ဂရုမစိုက်ပါဘူး။ ကျွန်တော် မန်ချက်စတာ ယူနိုက်တက်ကို ဆုဖလားတွေ ဆွတ်ခူးချင်လို့ လာခဲ့တာပါ။ ကျွန်တော့်အနေနဲ့ ကမ္ဘာပေါ်မှာ အကြီးဆုံး အသင်းတွေထဲက တစ်ခုအပါအဝင် ဖြစ်တဲ့ အသင်းမှာ ကစားခွင့်ရရှိနေပါပြီ။ ဒီ အသင်းက အတိတ်မှာ အံ့ဩစရာကောင်းလောက်တဲ့ သမိုင်းတွေ ရေးထိုးခဲ့တဲ့ အသင်းပါ။ မန်ချက်စတာ ယူနိုက်တက်လို အသင်းအနေနဲ့ ပရီးမီးယားလိဂ် ဖလား မရတာ အတော်လေးကြာနေပါပြီ။ ဒါကြောင့် ကစားသမားတိုင်း၊ အသင်းဝန်ထမ်း တိုင်းမှာ အနိုင်ရဖို့စိတ်‌မျိုး ရှိနေရပါမယ်။ ကျွန်တော်တို့မှာ အဲ့ဒီလို စိတ်ဓာတ်မျိုး ရှိနေပြီလို့လည်း ကျွန်တော် ထင်ပါတယ် ” လို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။