မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင် ကွင်းလယ်ကစားသမား ဘရူနို ဖာနန်ဒက်စ်က ယူနိုက်တက်မှာ လုပ်ခလစာ အမြင့်ဆုံး ရရှိနေကြတဲ့ ရပ်ရှ်ဖို့ဒ် ကက်စီမဲရိုး ဆန်ချိုတို့လို မြင့်မားတဲ့ လစာမျိုးနဲ့ သူ့ကို စာချုပ်သစ် ချုပ်ဆိုသွားဖို့ အသင်းထံ ဖိအားပေးတာတွေ ရှိနေတယ်လို့ The Guardian ကနေ ဖော်ပြလာခဲ့ပါတယ်။

အသက် (၂၉)နှစ်အရွယ် ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ်လူ ဖာနန်ဒက်စ်ဟာ ၂၀၂၀ ဇန်နဝါရီကတည်းက ယူနိုက်တက်အသင်းဆီ ရောက်ရှိလာခဲ့ရင်း အဲ့ဒီအချိန်ကနေ စတင်ပြီး အသင်းရဲ့ မရှိမဖြစ် အရေးအပါဆုံး ကစားသမားတစ်ယောက် ဖြစ်လာခဲ့ရပါတယ်။ လက်ရှိမှာလည်း ဖာနန်ဒက်စ်က ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ပွဲပေါင်း (၂၃၃)ပွဲကစားထားပြီး (၇၉)ဂိုးသွင်းယူထားသလို (၆၆)ဂိုးအထိ ဂိုးဖန်တီးပေးထားနိုင်ခဲ့ပါတယ်။

Photo Credit : The Telegraph

ဒါ့အပြင် ဖာနန်ဒက်စ်ဟာ ယူနိုက်တက်အသင်းမှာ ပုံမှန်ခြေစွမ်း ပြသနိုင်တဲ့ ကစားသမားတွေထဲမှာ အပါအဝင်ဖြစ်ပြီး သူမကစားနိုင်တဲ့ ပွဲမျိုးဆိုရင် အသင်းက အမြဲလိုလို ရုန်းကန်နေရတက်ပါတယ်။ ဒါပေမယ့်လည်း ဖာနန်ဒက်စ်ရဲ့ ယူနိုက်တက်မှာ လက်ရှိ ရရှိနေတဲ့ လုပ်ခလစာကတော့ တစ်ပတ် ပေါင်(၂၄၀၀၀၀၀)သာ ရရှိနေပြီး သူရဲ့အထက် ကက်စီမဲရိုး ရပ်ရှ်ဖို့ဒ် ဆန်ချိုနဲ့ မေဆန်မောင်တို့ ရှိနေရပါတယ်။

တကယ်တော့ ဒီကစားသမားတွေထဲက တစ်ယောက်ကမှ ဒီရာသီမှာ အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ပေးနိုင် မရှိခဲ့ပဲ သူတို့ထက် အသင်းမှာ ပိုအားထားရတဲ့ ဖာနန်ဒက်စ်က ဒီကစားသမားတွေထက် လုပ်ခလစာ နည်းပါးနေရခြင်းက မဖြစ်သင့်တဲ့ ကိစ္စရပ်တစ်ခုလို ဖြစ်နေတဲ့အပြင် ဖာနန်ဒက်စ်ကို အသင်းကနေ ထွက်ခွာသွားစေနိုင်မယ့် အကြောင်းကိစ္စပါ ဖြစ်သွားနိုင်ပါတယ်။

Photo Credit : Essentially Sports

လက်ရှိမှာတော့ ဖာနန်ဒက်စ်နဲ့ ပတ်သက်ပြီး သတင်းတွေ အမျိုးမျိုး ထွက်ပေါ်နေပြီး သူရဲ့အေးဂျင့်ဖြစ်သူကလည်း ဥရောပထိပ်သီး ကလပ်အသင်းတချို့နဲ့ပါ တွေ့ဆုံ ဆွေးနွေးမှု ရှိခဲ့သလို ဖာနန်ဒက်စ်ကိုယ်တိုင်ပါ အသင်းမှာ နည်းပြ အပြောင်းအလဲ ရှိမရှိနဲ့ အသင်းပိုင်ရှင်သစ်တွေရဲ့ ပရောဂျက်တွေကို စောင့်ကြည့်လို့နေပြီး ဒါတွေ အတိအကျ သိရှိမှသာ သူ့အနာဂတ်ကို အတိအလင်း ဆုံးဖြတ်ချက်ချဖွယ် ရှိနိုင်ပါတယ်။

တကယ်လို့ ဖာနန်ဒက်စ်အနေနဲ့ အသင်းမှာ ဆက်နေမယ်လို့ ဆုံးဖြတ်မယ်ဆိုရင်တောင် သူ့ကို ကက်စီမဲရိုး ရပ်ရှ်ဖို့ဒ် ဆန်ချိုတို့လို အသင်းရဲ့ ထိပ်တန်း လုပ်ခလစာ ရရှိနေတဲ့ ကစားသမားမျိုး ဖြစ်လာအောင် လစာတစ်ရပ် သတ်မှတ်ပြီး စာချုပ်သစ် ချုပ်ဆိုပေးသွားဖို့ အသင်းထံ ဖိအားပေး တောင်းဆိုသွားမယ်လို့လည်း သိရပါတယ်။