စပို့တင်း လစ္စဘွန်း တိုက်စစ်မှူး လူးဝစ် ဖီလစ်ပီကတော့ သူ့ရဲ့ အသင်းဖော်ဟောင်း လက်ရှိ မန်ယူ ကွင်းလယ်လူ ဖာနန်ဒက်စ်ဟာ မန်ယူ တိုက်စစ်မှူးဟောင်း၊ လက်ရှိ ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုနဲ့ တူပြီး အရှုံးကို သည်းခံနိုင်ဘူးလို့ A Bola သတင်းမှာ ပြောကြားသွားခဲ့ပါတယ်။ ဘရာဇီး လူမျိုး တိုက်စစ်မှူး ဖီလစ်ပီ နဲ့ ပေါ်တူဂီ လူမျိုး ကွင်းလယ်လူ ဖာနန်ဒစ်ဟာ အရင်က စပို့တင်း လစ္စဘွန်းအသင်းမှာ အတူတွဲကစားခဲ့တဲ့ အသင်းဖော်တွေ ဖြစ်ကြပြီး ကွင်းလယ်လူ ဖာနန်ဒက်စ်ကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ဈေးကွက်မှာ မန်ယူအသင်းကို ပြောင်းခဲ့ပါတယ်။

Photo Credit: MEN

ဖာနန်ဒက်စ်ဟာ (၂၀၁၉) ခုနှစ်မှာ ပေါ်တူဂီလိဂ်ကနေ မန်ယူအသင်းကို ပြောင်းရွေ့လာခဲ့ပြီး တစ်ချိန်က ရော်နယ်ဒိုဟာလည်း ပေါ်တူဂီလိဂ်ကနေ မန်ယူအသင်းကို ပြောင်းခဲ့တာကြောင့် သူတို့နှစ်ဦးကတော့ ပေါ်တူဂီကလပ်ကနေ မန်ယူအသင်းကို ပြောင်းချင်တာချင်း တူညီနေပါတယ်။ ဖာနန်ဒက်စ်ဟာ မန်ယူအသင်းကို ပြောင်းလာပြီးနောက် အောင်မြင်လာခဲ့တာကြောင့် သူ့ရဲ့ အသင်းဖော်ဟောင်း ဖီလစ်ပီကတော့ ပေါ်တူဂီလိဂ် ပြိုင်ပွဲမှာ အောင်မြင်တဲ့ ကစားသမားတွေ အားလုံးဟာ ဘယ်လိဂ်မှာပဲ ဖြစ်ဖြစ် အောင်မြင်မှု ရရှိနိုင်ကြတယ်လို့ ပြောသွားလိုက်ပါတယ်။

Photo Credit: MEN

A Bola သတင်းမှာ လူးဝစ် ဖီလစ်ပီက “ဖာနန်ဒက်စ်က ကွင်းအပြင်မှာဆိုရင် တည်ငြိမ်ပါတယ်။ ဒါပေမဲ့ ကွင်းထဲမှာ ဆိုရင် လုံးဝ ပြောင်းလဲသွားပါတယ်။ ဘရူနို ဖာနန်ဒက်စ်က ရော်နယ်ဒိုနဲ့ကို တူလွန်းပါတယ်။ ဖာနန်ဒက်စ်က ဘောလုံးပွဲ ရှုံးတဲ့ အချိန်မှာ ဘယ်သူ့ကိုမှ စကားမပြောပါဘူး။ သူ အခွင့်အရေး မှန်သမျှကို အကောင်းဆုံး အသုံးချပစ်နိုင်တာက ကျွန်တော့်အတွက်တော့ အံ့သြစရာကို မဟုတ်တော့တာပါ။ လူတွေက ပေါ်တူဂီ လိဂ် ပြိုင်ပွဲကို ပြိုင်ဆိုင်မှု အားနည်းတယ်လို့ ထင်ကြပါတယ်။ ဒါပေမဲ့ အဲဒီလို ထင်တာက မမှန်ပါဘူး။ ကြံခိုင်မှု နဲ့ နည်းပညာက အလွန်ကို မြင့်မားတာပါ။ ပေါ်တူဂီလိဂ် ပြိုင်ပွဲမှာ ခြေစွမ်းပြနိုင်တဲ့ ဘယ်ကစားသမားမဆို အခြား လိဂ် ပြိုင်ပွဲတွေမှာလည်း ခြေစွမ်းပြနိုင်ပါတယ်”လို့ အခိုင်အမာ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။