ပြီးခဲ့တဲ့ ဇန်နဝါရီလ ဆောင်းရာသီဘောလုံးသမား အပြောင်းအရွှေ့စျေးကွက်အတွင်းမှာမှ စပို့တင်းလစ္စဘွန်းအသင်းကနေ မန်ချက်စတာယူနိုက်တက်အသင်းဆီကို ရောက်ရှိလာခဲ့တဲ့ ပေါ်တူဂီလက်ရွေးစင် ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်ဟာ မန်ချက်စတာကိုရောက်လာပြီး အချိန်တိုလေးအတွင်းမှာပဲ အသင်းနဲ့ အံ့ဝင်အောင် ကစားနိုင်ခဲ့ပြီး သွင်းဂိုးတွေရော ဂိုးဖန်တီးမှုတွေပါ လုပ်ဆောင်နိုင်ခဲ့တာကြောင့် သူ့အနေနဲ့ ုဒီအချိန်လေးအတွင်းမှာ ယူနိုက်တက်အသင်းနဲ့ လိုက်ဖက်ညီမှုတွေ ဘယ်လိုရရှိလာသလဲဲဆိုတာကို ပြန်လည်ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။

Photo Credit : Times of India

အသက်(၂၅)နှစ်အရွှယ်ရှိ ပေါ်တူဂီလက်ရွေးစင် ကွင်းလယ်ကစားသမား ဖာနန်ဒက်စ်ဟာ ယူနိုက်တက်အသင်းကို ရောက်ရှိလာပြီးနောက် ရက်ပိုင်းလေးအတွင်းမှာပဲ ဝုလ်ဗ်နဲ့ ကစားခဲ့ရတဲ့ ပွဲစဉ်အတွင်း ယူနိုက်တက်နဲ့ ပွဲထွက်ကစားခဲ့ရသလို အဲ့ဒီနောက်ပိုင်းကတည်းက ယူနိုက်တက်အတွက် တောက်လျှောက်ပါဝင်ကစားခဲ့ရာ အသင်းအတွက် (၉)ပွဲအထိ ပါဝင်နိုင်ခဲ့ကာ သွင်းဂိုး(၃)ဂိုးနဲ့ ဂိုးဖန်တီးမှုကို (၄)ကြိမ်အထိ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဖာနန်ဒက်စ်ရောက်ပြီးနောက်ပိုင်းကတည်းက ယူနိုက်တက်အသင်းဟာ ပြိုင်ပွဲစုံမှာ ရှံးပွဲလုံးဝမရှိတော့ပဲ ပရီးမီးယားလိဂ်မှာပါ အဆင့်(၅)နေရာအထိ ပြန်လည်တတ်လှမ်းနိုင်ခဲ့ပါတယ်။

Photo Credit : The Sun

ယူနိုက်တက်အသင်းနဲ့ အံ့ဝင်ခွင်ကျဖြစ်ခဲ့ရတာနဲ့ပတ်သက်ပြီး ဖာနန်ဒက်စ်က “ဒီလိုဖြစ်လာရတဲ့ အဓိကအကြောင်းအရင်းတစ်ချက်တည်း ပေးပါဆိုရင်တော့ အရမ်းခက်ခဲပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဒါက မန်ချက်စတာယူနိုက်တက် ဖြစ်နေလို့ပါ။ လူတိုင်းနီးပါးက ဒီအသင်းရဲ့ အိမ်ကွင်းကြီးနဲ့ သူတို့ပရိသတ်တွေရဲ့ အားပေးမှုကို သိပြီးသားဆိုတော့လေ။ ပထမဆုံးအကြိမ် ယူနိုက်တက်ဝတ်စုံကို ဝတ်လိုက်ပြီးနောက်မှာ အားလုံးက အနီတွေ ဖြစ်သွားသလိုပဲ။ ဒီယူနီဖောင်းရဲ့ ကွင်းအတွင်းက ပရိသတ်ထုကြီး အားပေးမှုတွေက အရာအားလုံးကို ခံစားလာခဲ့ရတယ်။ ကျွန်တော့်ကို ပရိသတ်တွေဆီကနေ အားပေးမှုတွေ ပိုင်ဆိုင်နေရတာကတော့ အကောင်းဆုံးခံစားချက်တစ်ခု ဖြစ်စေတယ်။ ကျွန်တော်က ဒီကိုရောက်ပြီး (၂)ရက်အကြာမှာပဲ ဝုလ်ဗ်နဲ့ပွဲမှာ ပါဝင်ကစားခဲ့ရတယ်။ အဲ့ဒီမှာပဲ ပရိသတ်တွေက ကျွန်တော့်နာမည်ကို သီချင်းထဲထည့်ဆိုနေကြတယ်။ အဲ့ဒါက ကျွန်တော့်ကို ယုံကြည်မှုတွေပေးခဲ့သလို အိမ်ကိုရောက်နေသလိုတောင် ခံစားမိစေရတယ်။ ဒါက အသင်းမှာ အလျင်အမြန် အထိုင်ကျသွားဖို့အတွက် အဓိကအကျဆုံးအချက်လို့ ကျွန်တော်ထင်မိပါတယ်” လို့ ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။