ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်ဟာ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အက်သလက်တီကို မက်ဒရစ် ၁-၁ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှာ ဂိုးဖန်တီးမှု တကြိမ် ပြုလုပ်နိုင်ခဲ့ပြီးနောက် မှတ်တမ်းကောင်း တရပ်ကို ထပ်မံ ပိုင်ဆိုင်နိုင်ခဲ့ကြောင်း သိရပါတယ်။

အသက် ၂၇နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်ဟာ စပို့တင်း လစ္စဘွန်း ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့လာပြီးနောက် အသင်းရဲ့ မရှိမဖြစ် ကစားသမား တဦး အဖြစ် ခြေစွမ်းပြ ကစားထားနိုင်သူပါ။

Photo Credit: Metro

ဘရူနို ဖာနန်ဒက်ဟာ ယခုနှစ် ဘောလုံးရာသီမှာ ယခင်နှစ် ဘောလုံးရာသီကလောက် သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့ခြင်း မရှိပေမယ့် သူ့ရဲ့ ဂိုးဖန်တီးမှုတွေက မြင့်တက်လာခဲ့ပြီး ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၆ပွဲ ပါဝင် ကစားထားရာ ဂိုးဖန်တီးမှု ၇ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် ဘရူနို ဖာနန်ဒက်ဟာ မန်ချက်စတာ ယူနိုက်တက် အတွက် နောက်ဆုံး ပါဝင် ကစားပေးခဲ့တဲ့ ချန်ပီယံလိဂ် ၆ပွဲဆက်တိုက် ဂိုးဖန်တီးမှုတွေ ပြုလုပ်ပေးနိုင်ခဲ့တာကြောင့် သမိုင်းတလျှောက်မှာ အင်္ဂလိပ်အသင်း တသင်း အတွက် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၆ပွဲဆက် ဂိုးဖန်တီးမှု လုပ်ပေးနိုင်ခဲ့တဲ့ ပထမဦးဆုံး ကစားသမား ဆိုတဲ့ မှတ်တမ်းကောင်းကို ရရှိခဲ့ပါတယ်။

Photo Credit: Metro

ဘရူနို ဖာနန်ဒက်ဟာ အဆိုပါ စံချိန်မှတ်တမ်းကို မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကွင်းလယ်လူ တဦး ဖြစ်သူ ဒေးဗစ် ဘက်ခမ်း (၅ပွဲဆက် ဂိုးဖန်တီးမှု လုပ်နိုင်ခဲ့သူ) ကို ကျော်ဖြတ်ပြီး သိမ်းပိုက် ရရှိခဲ့တာလည်း ဖြစ်ပါတယ်။