ယနေ့မနက် ၁နာရီခွဲအချိန်မှာ ကစားခဲ့တဲ့ ဆီဗီးလားအသင်းနဲ့ မန်ယူအသင်းတို့ရဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပွဲစဉ်မှာတော့ ယူရိုပါလိဂ်မှာ အစဉ်အလာ ကောင်းလေ့ရှိတဲ့ ဆီဗီးလားအသင်း ဟာ မန်ယူအသင်းကို ၂-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင် ရရှိကာ ဗိုလ်လုပွဲကို ထိုက်ထိုက်တန်တန် တက်ရောက် သွားနိုင်ခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ မန်ယူအသင်းဟာ ပွဲချိန် ၉မိနစ်မှာ ရရှိခဲ့တဲ့ ပင်နယ်တီ ပြစ်ဒဏ်ဘောကနေ တဆင့် သွင်းယူပေးခဲ့တဲ့ ဘရူနို ဖာနန်ဒက်ရဲ့ သွင်းဂိုးနဲ့ ပွဲကို ဦးဆောင်နိုင်ခဲ့ပေမယ့် ဆီဗီးလားအသင်းရဲ့ ရေကုန်ရေခမ်း ကြိုးပမ်း ကစားခဲ့မှုနဲ့အတူ ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို ပြန်လည် ခွင့်ပြုပေးခဲ့ရပြီး ဆီဗီးလားအသင်းအတွက် ချေပဂိုးကို ပွဲချိန် ၂၆မိနစ် မှာ ဆူဆိုနဲ့ အနိုင်ဂိုးကို ပွဲချိန် ၇၈မိနစ်မှာ ဒီဂျောင်တို့က သွင်းယူပေးခဲ့ကြတာပါ။

Photo Credit: Express

 

အဆိုပါပွဲစဉ်မှာ ပြောစရာဖြစ်ခဲ့တဲ့ အကြောင်းအရာ တစ်ခု ကတော့ ဆီဗီးလားအသင်းရဲ့ အနိုင်ဂိုးကို သွင်းယူခဲ့တဲ့ အချိန်မှာ ဖြစ်ပျက်သွားခဲ့ပြီး အဆိုပါအဖြစ်အပျက်ဟာ မန်ယူအသင်းရဲ့ ကွင်းလယ်လူ ဖာနန်ဒက်နဲ့ နောက်ခံလူ လင်ဒီလော့ဖ်တို့ အကြီးအကျယ် အချင်းများခဲ့မှုပဲ ဖြစ်ပါတယ်။ ဆီဗီးလားအသင်းရဲ့ အနိုင်ဂိုးကို ဒီဂျောင် ဟာ ဘယ်တောင်ပံကနေ ရောက်လာတဲ့ ဖြတ်တင်ဘောကို ပြေးဝင်ကာ ပိတ်သွင်းခဲ့တာ ဖြစ်ပြီး အဆိုပါ ဘောလုံးဟာ ဒီဂျောင်ဆီကို မရောက်မီမှာ လင်ဒီလော့ဖ်အနေနဲ့ ပြေးဝင် ဖျက်ထုတ်ခွင့် ရခဲ့ပေမယ့် မဖျက်ထုတ်မိခဲ့တာကြောင့် သွင်းဂိုး ခွင့်ပြုပေးခဲ့ရတာလည်း ဖြစ်ပါတယ်။ သွင်းဂိုး ခွင့်ပြုပေးခဲ့ရ အပြီးမှာတော့ ဖာနန်ဒက်ဟာ ဘောလုံးကို ဖျက်ထုတ်ဖို့ မကြိုးစားခဲ့တဲ့ လင်ဒီလော့ဖ်ကို လာရောက် အပြစ်တင်ခဲ့သလို လင်ဒီလော့ဖ်ကလည်း ဖာနန်ဒက်ကို ပြန်လည် တုံ့ပြန်ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။

Photo Credit: Express

အဆိုပါအချင်းများမှုနဲ့ ပတ်သတ်ပြီး မန်ယူအသင်းရဲ့ ပရိသတ်တွေဟာ ဖာနန်ဒက်နဲ့ လင်ဒီလော့ဖ်တို့ နှစ်ဦးကြားမှာ ဆက်ဆံရေးတွေ ဆိုးရွားလာမှာကို စိုးရိမ်နေကြကာ ဖာနန်ဒက် ကတော့ လင်ဒီလော့ဖ်နဲ့ သူနဲ့ကြားမှာ ကြီးမားတဲ့ ပြဿနာတွေ မရှိဘူးလို့ ပွဲအပြီး အင်တာဗျူးမှာ ဖြေဆိုသွားခဲ့ပါတယ်။ လင်ဒီလော့ဖ်နဲ့ စကားများခဲ့မှုအပေါ် ဖာနန်ဒက်က ” ကျွန်တော်တို့ သွင်းဂိုး တစ်ဂိုး ခွင့်ပြုပေးလိုက်ရရင် ဒါဟာ ရှေ့တန်းက လူတွေကနေ စပြီး ပါဝင်တဲ့ လူအားလုံး အမှား ကျူးလွန်မိခဲ့ကြတာလို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့ဟာ ပထမပိုင်းမှာ လက်ပစ်ဘော ကနေ တဆင့် သွင်းဂိုးတစ်ဂိုး ခွင့်ပြုပေးခဲ့ ရပါတယ်။ ကျွန်တော်တို့ဟာ သူတို့တွေ ပြန်မလာနိုင်ဖို့ အတွက် သူတို့ကို ပိုပြီး ဖိအားပေး ကစားဖို့ လိုအပ်ပါတယ် ”

Photo Credit: Express

” ကျွန်တော်တို့ဟာ အမှားတွေ တစ်ခုပြီး တစ်ခုကို ကျူးလွန်မိခဲ့ကြတာပါ။ သွင်းဂိုး တစ်ဂိုး ခွင့်ပြုပေးလိုက်ရတဲ့ အချိန်မှာ ကျွန်တော်တို့ဟာ အနည်းငယ် ဒေါသထွက်သွားကြပါတယ်။ ဒါပေမယ့် အမှားကို ကျူးလွန်ခဲ့တာဟာ ကစားသမား တစ်ဦးတည်း မဟုတ်ပါဘူး။ တစ်သင်းလုံး အမှားကို ကျူးလွန်မိခဲ့ကြတာပါ။ ဗစ်တာ(လင်ဒီလော့ဖ်)နဲ့ ကျွန်တော်ပဲ မှားခဲ့တာ မဟုတ်ပါဘူး။ ဒါဟာ လူတိုင်းနဲ့ သက်ဆိုင်ပါတယ်။ ကျွန်တော်နဲ့ ဗစ်တာနဲ့ ကြားမှာတော့ ဘာပြဿနာမှ မရှိပါဘူး။ သာမန်ပါပဲ။ ဒါဟာ ဘောလုံးလောကမှာ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ အရာတစ်ခုပါ။ ကျွန်တော်တို့ဟာ တစ်ယောက်ကို တစ်ယောက် အမြဲတမ်း ကြည့်ရှု စောင့်ရှောက်ရမယ်လေ ” လို့ ပြောကြားသွားခဲ့တာပါ။