ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အဓိက ကွင်းလယ်လူ တစ်ဦးဖြစ်တဲ့ ဘရူနို ဖာနန်ဒက် ကတော့ လက်ရှိ အချိန်မှာ ဝေဖန်မှုတွေ များနေတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပင်နယ်တီ ရရှိမှုနဲ့ ပတ်သတ်ပြီး အတော်လေး ရှင်းလင်းတဲ့ ဖြေရှင်းချက် တစ်ခုကို ပြောပြ သွားခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လက်ရှိ ဘောလုံး ရာသီမှာ ပြီးခဲ့တဲ့ ရာသီလောက် ပင်နယ်တီ ပြစ်ဒဏ်ဘောတွေ ကန်ခွင့် မရတော့ပေမယ့် ပရီးမီးယားလိဂ် ပြိုင်ပွဲတစ်ခုထဲမှာ ပင်နယ်တီ ၆ကြိမ် အထိ ကန်သွင်းခွင့် ရထားပြီး ဒါဟာ လိဂ်ပြိုင်ပွဲမှာ ဒုတိယမြောက် ပင်နယ်တီ ရရှိမှု အများဆုံး အသင်းအဖြစ် မန်ချက်စတာ ယူနိုက်တက် အသင်းကို မှတ်တမ်း ဝင်စေပါတယ်။

Photo Credit: Tribuna

လတ်တလောမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပရီးမီးယားလိဂ် ချန်ပီယံလုဘက်တွေ ဖြစ်တဲ့ လီဗာပူးအသင်းရဲ့ နည်းပြဖြစ်သူ ကလော့ပ် ၊ စပါးအသင်းရဲ့ နည်းပြဖြစ်သူ မော်ရင်ဟိုတို့က မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပင်နယ်တီတွေ အများကြီး ရနေတဲ့ အသင်းဖြစ်ကြောင်း ဝေဖန် ထားကြသလို ကွင်းလယ်ဒိုင်တွေ အနေနဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းကို ပစားပေး နေကြောင်း အဓိပ္ပါယ်ရတဲ့ စကားတွေကိုလည်း ပြောကြား ထားကြပါတယ်။ ပူပူနွေးနွေး ပရီးမီးယားလိဂ်ရဲ့ ဒီဇင်ဘာလ တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ရရှိထားတဲ့ ဘရူနို ဖာနန်ဒက် ကတော့ သူတို့အသင်း အနေနဲ့ ပင်နယ်တီ ပြစ်ဒဏ်ဘောတွေ ခဏခဏ ရရှိနေတာဟာ အသင်းဖော် တိုက်စစ်မှူးတွေ ဖြစ်တဲ့ မာရှယ်နဲ့ ရက်ဖို့ဒ်တို့ဟာ တစ်ဖက်အသင်းရဲ့ ပင်နယ်တီ ဧရိယာ အတွင်းမှာ ကစားပုံကောင်းတဲ့ တိုက်စစ်မှူးတွေ ဖြစ်နေတာကြောင့် ဖြစ်ကြောင်း ဝေဖန်မှုတွေိကို ပြန်လည် ဖြေရှင်းသွားပါတယ်။

Photo Credit: Tribuna

မန်ချက်စတာ ယူနိုက်တက် အသင်းအနေနဲ့ ဘာ့ကြောင့် ပင်နယ်တီ ခဏခဏ ရနေလဲ ဆိုတဲ့ မေးခွန်း အပေါ် ဘရူနို ဖာနန်ဒက်က “ လူတွေက ဘယ်လို စကားတွေ ပြောနေလဲ ဆိုတာ ခင်ဗျားတို့လည်း သိပါတယ်။ ဒါပေမယ့် ကျွန်တော်က အဲ့ဒီစကားတွေကို ဂရုမစိုက်ပါဘူး။ ကျွန်တော်က သူတို့ရဲ့ စကားတွေကို အာရုံလည်း မစိုက်ပါဘူး။ ကျွန်တော်တို့ရဲ့ ရှေ့တန်းမှာ အရမ်းမြန်တဲ့ တိုက်စစ်မှူးတွေ ရှိပါတယ်။ အန်တိုနီ မာရှယ်က တစ်ဖက်အသင်းရဲ့ ဂိုးဧရိယာ အတွင်းမှာ အကောင်းဆုံး ကစားနိုင်တဲ့ ကစားသမားတွေထဲက တစ်ဦးပါ။ မားကပ် ရက်ဖို့ဒ်ကလည်း အရမ်းကို လျင်မြန်သလို သူ့ရဲ့ ခြေထောက်တွေက မြန်ဆန်ပါတယ်။ သူက တစ်ဖက် နောက်ခံလူတွေကို ဘယ်လိုအချိန်မှာမဆို ကျော်ဖြတ်နိုင်တဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် တစ်ခါတလေမှာ ပင်နယ်တီ ရတာက ပုံမှန်လို့ ပြောနိုင်ပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ သူတို့က တစ်ဖက် နောက်ခံလူတွေရဲ့ ဖျက်ထုတ်တာကို ခံရရင် လဲကျသွားမှာပဲလေ။ ဒါဆို ပင်နယ်တီတွေ ရလာမှာပါပဲ” လို့ ဖြေရှင်း သွားခဲ့တာပါ။