ပရီးမီးယားလိဂ်ရဲ့ နာမည်ကျော်အသင်း ဖြစ်တဲ့ မန်ယူအသင်းထံကို ပြီးခဲ့တဲ့ ဇန်နဝါရီလ အပြောင်းအရွှေ့ကာလမှာ စပို့တင်းအသင်း ကနေ ပြောင်းရွှေ့ကြေး ပေါင်၅၅သန်းဝန်းကျင် နဲ့ ပြောင်းရွှေ့ခဲ့တဲ့သူကတော့ ပေါ်တူဂီလူမျိုး ကွင်းလယ် ကစားသမား ဘရူနို ဖာနန်ဒက်ပဲ ဖြစ်ပါတယ်။ အသက်၂၅နှစ်အရွယ် ရှိနေပြီ ဖြစ်တဲ့ စပို့တင်းအသင်းရဲ့ အသင်းခေါင်းဆောင် ဟောင်း ဘရူနိုဖာနန်ဒက်ဟာ သူ့ကို ခေါ်ယူဖို့ အတွက် အပြောင်းအရွှေ့ နှစ်ခုကြာအောင် ကြိုးစားခဲ့တဲ့ မန်ယူအသင်းထံကို ရောက်လာပြီး နောက်ပိုင်းမှာ ချက်ချင်းဆိုသလိုပဲ အသင်းသစ် နဲ့ အသားကျသွားခဲ့ပြီး အသင်းရဲ့ အဓိက ကစားသမားတစ်ဦးလည်း ဖြစ်လာခဲ့ပါတယ်။

Photo Credit: Express

ဇန်နဝါရီလမှာ မန်ယူအသင်းထံကို ရောက်ရှိခဲ့တဲ့ ဘရူနို ဖာနန်ဒက်ဟာ မန်ယူအသင်းအတွက် ပရီးမီးယားလိဂ်ပွဲစဉ် ၅ပွဲ ပါဝင် ကစားပေးခဲ့ရာမှာ ၂ဂိုးသွင်းယူနိုင်ခဲ့ကာ ၃ဂိုး ဖန်တီးပေးနိုင်ခဲ့ပြီး အသင်းသစ်နဲ့ ပထမဦးဆုံး ကစားရတဲ့ ဖေဖော်ဝါရီလမှာပဲ ပရီးမီးယားလိဂ်ရဲ့ တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ဖာနန်ဒက်ဟာ မန်ယူအသင်းပရိသတ်တွေရဲ့ အချစ်တော် ကစားသမား မြန်မြန်ဆန်ဆန် ဖြစ်လာခဲ့သလို မန်ယူ အသင်းထံ ပြောင်းရွှေ့ရတော့မယ်မှန်း သိခဲ့တဲ့ အချိန်မှာ သူဟာ ငိုကြွေးမိခဲ့တယ်လို့လည်း မကြာသေးမီက ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ဖာနန်ဒက်က ဖွင့်ဟ ပြောကြားခဲ့ပါတယ်။

Photo Credit: Express

မန်ယူအသင်းထံ ပြောင်းရွှေ့ရတော့မယ်လို့ သိရတဲ့ အချိန်မှာ ငိုကြွေးမိပုံနဲ့ ပတ်သတ်ပြီး ဖာနန်ဒက်က ” ကျွန်တော့်ရဲ့ အေးဂျင့်ဖြစ်သူက ဘရူနိုရေ မင်းကတော​့ မန်ချက်စတာကို သွားဖို့ အခွင့်အရေး ရလာပြီလို့ ပြောပြီးတဲ့နောက်မှာ ကျွန်တော်က ကျွန်တော့်ရဲ့ မိန်းမ ၊ အမေ ၊ အစ်ကို ၊ ညီမလေးတို့ကို ဖုန်းဆက်ပြီး အဲ့ဒီအကြောင်း ပြောပြမိခဲ့ပါတယ်။ ပြီးတာနဲ့ စပြီးတော့ ငိုမိတော့တာပါပဲ။ ကျွန်တော်က ထိပ်သီး အသင်းတစ်သင်းမှာ ကစားခွင့်ရဖို့ တစ်ချိန်လုံး တိုက်ပွဲဝင်ခဲ့တာပါ​။ ပြီးတော့ မန်ယူအသင်း အတွက် ကစားခွင့်ရဖို့ ငယ်ငယ်လေးထဲက အိမ်မက် မက်ခဲ့ရတာပါ။ အခွင့်အရေးက အရှေ့ကို ရောက်လာတဲ့အချိန်မှာ ကျွန်တော်က လက် နှစ်ဖက်စလုံးကို ဆန့်တန်းပြီး အခွင့်အရေးကို ရအောင် ယူလိုက်တာပါပဲ။ ကျွန်တော် မက်ခဲ့ရတဲ့ အိမ်မက်နောက်ကို လိုက်ဖို့ပေါ့ ” လို့ ဖွင့်ဟ ပြောဆိုသွားခဲ့တာပါ။