မနေ့ညက ဝက်ဖိုဒ့်အသင်းကို ၃ဂိုးပြတ်နဲ့ အနိုင်ယူခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၂၇)မှာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် အထူးခြေစွမ်းပြသခဲ့ပြီး အဖွင့်သွင်းဂိုတစ်ဂိုးအပြင် မေဆင်ဂရင်းဝုဒ်လေးရဲ့ ပွဲသိမ်းအနို်င်ဂိုးကိုပါ ဖန်တီးပေးသွားခဲ့တဲ့ ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်ကတော့ သူရဲ့အသင်းဖော်လေးဖြစ်တဲ့ ဂရင်းဝုဒ်ကို ချီးမွမ်းပြောဆိုလိုက်ပြီး နောင်တစ်ချိန်မှာ ကမ္ဘာ့ထိပ်တန်းကစားသမားကောင်းတစ်ယောက် ဖြစ်လာနိုင်မယ့် အရည်အသွးရှိသူလို့ မှတ်ချက်ပြုသွားခဲ့ပါတယ်။

ဆယ်ကျော်သက်အရွယ် လူငယ်တိုက်စစ်မှူးလေး မေဆန်ဂရင်းဝုဒ်ဟာ မနေ့ညက ကျင်းပခဲ့တဲ့ ဝက်ဖိုဒ့်နဲ့ပွဲစဉ်မှာ ယူနိုက်တက်အသင်းရဲ့ ပွဲထွက်လူစာရင်းအတွင်းမှာ ပါဝင်ခွင့်ရခဲ့ပြီး တိုက်စစ်မှာ မာစီယဲလ် ဒင်နီရယ်ဂျိမ်းစ်တို့နဲ့ တွဲဖက်ကစားခဲ့ရပါတယ်။ အဲ့ဒီပွဲအတံင်းမှာ ဘရူနိုဖာနန်ဒက်စ်ကလည်း သူရဲ့ယူနိုက်တက်ကစားသမားဘဝ ပထမဆုံးသောသွင်းဂိုးကို ပင်နယ်တီကနေတစ်ဆင့် သွင်းယူခဲ့သလို သူရဲ့ဖန်တီးမှုကနေလည်း ဂရင်းဝုဒ်က အသင်းအတွက် ပွဲသိမ်းဂိုးကို ရယူနိုင်ခဲ့ပါတယ်။ ဒီသွင်းဂိုးတစ်ဂိုး အပါအဝင် ဒီရာသီမှာ ဂရင်းဝုဒ်သွင်းယူထားခဲ့တဲ့ စီနီယာကစားသမားဘဝ သွင်းဂိုးအရေအတွက်တွေက ၁၁ဂိုးအထိကို ရှိလာခဲ့ပြီး ဒီပမာဏက ဒီရာသီပရီးမီးယားလိဂ်ရဲ့ ဆယ်ကျော်သက်အရွယ် ကစားသမားတွေထဲမှာ အများဆုံးဖြစ်လာခဲ့ရပါတယ်။

ဂရင်းဝုဒ်နဲ့ပတ်သက်ပြီး ဖာနန်ဒက်စ်က “မေဆန်မှာက အရည်အသွေးကောင်းတွေ များစွာပိုင်ဆိုင်ထားပါတယ်။ လက်ရှိမှာ ဒီထက်ပိုပြီး ရင့်ကျက်လာဖို့ လိုအပ်နေသေးတယ်ဆိုပေမယ့်လည်း သူက ယုံကြည်ချက်တော့ အရမ်းပြင်းထန်တတ်သူပါ။ ကျွန်တော်က သူ့အတွက် သွင်းဂိုးတွေရလာအောင် ဖန်တီးမှုတွေ ဆက်လက်ပြုလုပ်ပေးနိုင်ပါတယ်။ သူ့မှာ ရှိနှင့်ထားတဲ့ အရည်အချင်းမျိုးဆိုရင်တော့ တစ်နေ့မှာ သူက ထိပ်တန်းဘောလုံးသမားတစ်ယောက်ဖြစ်လာမှာ အသေအချာပါပဲ” လို့ ချီးမွမ်းပြောဆိုသွားခဲ့ပါတယ်။ အခုလို ဂရင်းဝုဒ်ကို ချီးမွမ်သွားခဲ့တဲ့ ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ ဆောင်းရာသီစျေးကွက်ကမှ စပို့တင်းလစ္စဘွန်းအသင်းနေ ယူနိုက်တက်အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ပွဲအရေအတွက် အနည်းလေးသာရှိထားခဲ့ပေမယ့်လည်း အသင်းနဲ့ အလျင်အမြန် အထိုင်ကျအောင် ကစားနိုင်ခဲ့ကာ အချိန်တိုလေးအတွင်းမှာပဲ သွင်းဂိုး၁ဂိုးနဲ့ ဂိုးဖန်တီးမှု၂ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ပါတယ်။