မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင် ကွင်းလယ်ကစားသမား ဘရူနို ဖာနန်ဒက်စ်က ဒီနှစ်ဘောလုံးရာသီမှာ သူတို့အသင်းအနေနဲ့ ပရီးမီးယားလိဂ် အမှတ်ပေး ချန်ပီယံဆုအတွက် ယှဉ်ပြိုင်နိုင်ဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ ဝန်ခံ ပြောကြားလိုက်ပါတယ်။

ဖာနန်ဒက်စ်ရဲ့ ယူနိုက်တက်အသင်းဟာ ဒီရာသီအစမှာ ဖူလ်ဟမ်ကို အနိုင်ရခဲ့ပေမယ့်လည်း ဘရိုက်တန် လီဗာပူးလ်တို့ကို (၂)ပွဲဆက်တိုက်အထိ ရှုံးနိမ့်ခဲ့ရပြီး လက်ရှိမှာလည်း ယူနိုက်တက်က ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် (၁၄)နေရာအထိတောင် ရောက်ရှိနေရပါတယ်။

Photo Credit : Sky Sports

ရာသီအစမှာ ရှုံးပွဲ (၂)ပွဲဆက်အထိ ကြုံတွေ့ထားခဲ့ရတဲ့ ယူနိုက်တက်အသင်းဟာ နည်းပြ အဲရစ် တန်ဟက်ဂ်ရဲ့ တတိယမြောက် ရာသီမှာလည်း အသင်းက ထူးထူးခြားခြား ကောင်းမွန်လာခြင်း မရှိပဲ ဒါက လီဗာပူးလ်ကို အိုးထရက်ဖို့ဒ်မှာ ဂိုးအပြတ်အသတ်နဲ့ ရှုံးနိမ့်ခဲတဲ့ ပွဲမှာဆိုရင် သိသိသာသာ ပေါ်လွင်ခဲ့ပါတယ်။

အသင်းရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ယူနိုက်တက် အသင်းခေါင်းဆောင် ဖာနန်ဒက်စ်က “မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ဖို့ အဆင်သင့် မဖြစ်သေးတာကို ကျွန်တော် ကောင်းကောင်း သတိထားမိပါတယ်။”

Photo Credit : United in Focus

“တကယ်တော့ ကျွန်တော်တို့ဟာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိနိုင်မယ့် ထိပ်သီးအသင်း (၄)သင်းနေရာအတွက် ဆုဖလားတွေအတွက် ခိုင်မာပြီး စစ်မှန်တဲ့ ရည်ရွယ်ချက်နဲ့အတူ တိုက်ပွဲဝင်နေပါတယ်။ ဒါပေမယ့် ပိုကြီးမားတဲ့ ရည်မှန်းချက်တွေအတွက် တိုးတက်ဖို့က အများကြီး ကျန်နေပါသေးတယ်။ ကျွန်တော်ရဲ့ စိတ်ကူးအိမ်မက်ကတော့ တစ်နေ့မှာ ပရီးမီးယားလိဂ် ဆုဖလားကြီးကို ဆွတ်ခူးနိုင်ဖို့ပါပဲ။” လို့ ပြောဆိုလာခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ နည်းပြ တန်ဟက်ဂ်နဲ့အတူ ပြီးခဲ့တဲ့ (၂)ရာသီအတွင်း အက်ဖ်အေဖလားနဲ့ လိဂ်ဖလားတွေ ဆွတ်ခူးနိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ် အမှတ်ပေး ချန်ပီယံဆုဖလားနဲ့ အလှမ်းဝေးနေခဲ့တာတော့ ဆယ်စုနှစ်တစ်ခုလောက်အထိ ကြာမြင့်နေပြီ ဖြစ်သလို Top 4 အတွက်ပါ ခက်ခက်ခဲခဲ ရုန်းကန်နေရပါတယ်။