နာမည်ကျော် ဘောလုံး ဝက်ဘ်ဆိုဒ်တခု ဖြစ်တဲ့ Football Transferနဲ့ ဘောလုံးနဲ့ ပတ်သတ်တဲ့ အချက်အလက်တွေကို ခေတ်မီ နည်းစနစ်တွေနဲ့ တိုင်းထွာကာ ထုတ်ပြန်လေ့ ရှိတဲ့ SciSports ဝက်ဘ်ဆိုဒ်တို့ ပူးပေါင်းကာ ထုတ်ပြန်ခဲ့တဲ့ ၂၀၂၁ခုနှစ်ရဲ့ တန်ကြေးအမြင့်ဆုံး ကွင်းလယ်လူစာရင်းမှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အဓိက ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်ဟာ ထိပ်ဆုံးနေရာမှာ ရပ်တည်နိုင်ခဲ့ကြောင်း သိရပါတယ်။

Football Transferနဲ့ SciSportsတို့ဟာ ကမ္ဘာတလွှားမှာ ရှိတဲ့ ကွင်းလယ်လူတွေရဲ့ အသက်အရွယ် ၊ ခြေစွမ်းပိုင်း ၊ အရည်အသွေး ၊ စာချုပ်သက်တမ်း ၊ အသင်းအပေါ် အကျိုးသက်ရောက်မှု စတဲ့ အချက်တွေ အပေါ် မူတည်ကာ ကစားသမားတွေရဲ့ တန်ကြေးတွေကို သတ်မှတ်ပေးခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ပေါ်တူဂီအသင်းရဲ့ ကွင်းလယ်လူ ဖာနန်ဒက်ဟာ တန်ကြေး ယူရို ၁၀၂သန်းနဲ့ တန်ကြေးအမြင့်ဆုံး ကွင်းလယ်လူအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

Photo Credit: AS English

ဒုတိယနေရာမှာတော့ ပီအက်စ်ဂျီအသင်းနဲ့ ဘရာဇီးလ်အသင်းတို့ရဲ့ ကွင်းလယ်ခံစစ် ကစားသမား မာကွင်ဟိုက တန်ကြေး ယူရို ၉၅.၅သန်းနဲ့ ရပ်တည်နေပြီး တတိယနေရာကိုတော့ ဘာစီလိုနာအသင်းနဲ့ နယ်သာလန်အသင်းတို့ရဲ့ အဓိက ကွင်းလယ်လူ ဒီဂျောင်က တန်ကြေး ယူရို ၉၁.၂သန်းနဲ့ ရရှိခဲ့ပါတယ်။

စတုတ္ထနေရာမှာတော့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဂျာမဏီအသင်းတို့ရဲ့ စွယ်စုံရ ကွင်းလယ်လူ ကင်းမစ်ချ်က တန်ကြေး ယူရို ၈၄.၅သန်းနဲ့ ရှိနေခဲ့ပြီး မန်ချက်စတာ စီးတီးအသင်းနဲ့ ဘယ်လ်ဂျီယံအသင်းတို့ရဲ့ အဓိက ကွင်းလယ်လူ ဒီဘရိုင်းကတော့ တန်ကြေး ယူရို ၇၂.၈သန်းနဲ့ ပဥ္စမနေရာမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။

Photo Credit: AS English

အသက် ၃၀အရွယ် ရှိနေပြီ ဖြစ်တဲ့ ဒီဘရိုင်းဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူ တဦးအဖြစ် အများရဲ့ သတ်မှတ်ခြင်းကို ခံထားရပေမယ့် သူ့ရဲ့ အသက်အရွယ်ကြောင့် ဒီစာရင်းမှာ ပဥ္စမနေရာကို ရောက်ရှိခဲ့တာပဲ ဖြစ်ပါတယ်။ ဒီဘရိုင်းရဲ့ အနောက်မှာတော့ ဟားဗက် (ယူရို ၇၁.၃သန်း) ၊ ရိုဒရီ (ယူရို ၇၀.၈သန်း) ၊ ကတ်စမဲရိုး (ယူရို ၇၀.၇သန်း) ၊ ပီဒရီ (ယူရို ၆၉.၉သန်း) ၊ ဘာနာဒို ဆေးလ်ဗား (ယူရို ၆၉သန်း) တို့က အစဉ်လိုက် ရပ်တည်နေကြပါတယ်။

မန်ချက်စတာ စီးတီးအသင်းရဲ့ လူငယ်ကြယ်ပွင့် ဖီးလ်ဖိုဒန်ရဲ့ တန်ကြေးဟာ ယူရို ၈၂.၃၅သန်း အထိ ရှိခဲ့ပေမယ့် ဖိုဒန်ကို တိုက်စစ်ကစားသမား တဦး အဖြစ် သတ်မှတ်ခဲ့တာကြောင့် ဖိုဒန်ဟာ ဒီစာရင်းထဲမှာ မပါဝင်ခဲ့တာ ဖြစ်ကြောင်းလည်း SciSportsရဲ့ ထုတ်ပြန်ချက်ထဲမှာ ပါဝင်ပါတယ်။