စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာရဲ့ လူငယ်ကြယ်ပွင့် တဦး ဖြစ်သူ ဖာမင် လိုပက်ဇ်က သူ့ကို ဘာစီလိုနာမှာ ကစားခွင့် ရအောင် အခွင့်အရေး ပေးခဲ့တဲ့ နည်းပြချုပ် ဇာဗီကို ဘာစီလိုနာမှာ နှစ်အများကြီး ရှိနေစေချင်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၀ အရွယ် စပိန် ယူ-၂၁ လက်ရွေးစင် ကွင်းလယ်လူ ဖာမင် လိုပက်ဇ်က ဘာစီလိုနာရဲ့ နာမည်ကျော် လာမာစီယာ အကယ်ဒမီထွက် ကစားသမား တဦး ဖြစ်ပြီး သူက ဒီရာသီမှာ ဘာစီလိုနာရဲ့ အသင်းကြီးနဲ့ ပူးပေါင်း လေ့ကျင့်ခွင့် ရထားသလို အသင်းအတွက် ပွဲထွက် ကစားပေးခွင့်လည်း ရနေပါတယ်။

Photo Credit: 90 Min

ညာခြေအားသန် ကွင်းလယ်လူ ဖာမင် လိုပက်ဇ်က ကွင်းလယ်ခံစစ် ၊ ဗဟိုကွင်းလယ်နဲ့ ဘယ်တောင်ပံ စတဲ့ နေရာတွေမှာ ကစားနိုင်စွမ်း ရှိသူ ဖြစ်ပြီး ဘာစီလိုနာနည်းပြချုပ် ဇာဗီက သူ့ကို ဗဟိုကွင်းလယ်မှာ အဓိက အသုံးပြုလေ့ ရှိပါတယ်။

ဖာမင် လိုပက်ဇ်က ဒီရာသီမှာ ဘာစီလိုနာ အတွက် ပြိုင်ပွဲစုံမှာ ၁၄ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၂ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၁ကြိမ် ရရှိထားပြီး သူ့ရဲ့ခြေစွမ်းနဲ့ အလားအလာကောင်းတွေကြောင့် အနာဂတ်မှာ ပီဒရီ ၊ ဂါဗီတို့နဲ့ တွဲဖက်ကာ ဘာစီလိုနာရဲ့ အဓိက ကွင်းလယ်လူ ဖြစ်လာမယ့်သူလို့ သတ်မှတ်ခံထားရပါတယ်။

Photo Credit: Tribuna

ဖာမင် လိုပက်ဇ် တယောက် အခုလို အောင်မြင်လာမှုရဲ့ နောက်ကွယ်မှာ နည်းပြချုပ် ဇာဗီရဲ့ သူ့ကို ယုံကြည်ပေးမှုနဲ့ ရဲရဲတင်းတင်း နေရာပေးမှုတို့ကလည်း အဓိကအချက်တွေ ဖြစ်ခဲ့ပြီး ဖာမင်ကတော့ သူဟာ သူ့ရဲ့ဆရာ ဇာဗီကို မန်ချက်စတာ ယူနိုက်တက်မှာ ဆယ်စုနှစ် ၂စုကျော်ကြာ နည်းပြခဲ့တဲ့ ဆာအဲလက်စ် ဖာဂူဆန်လိုမျိုး ဘာစီလိုနာမှာ နှစ်တွေ အကြာကြီး မြင်တွေ့ချင်ကြောင်း ထုတ်ပြောလာပါတယ်။

ဖာမင် လိုပက်ဇ်က – “ဇာဗီကို ဘာစီလိုနာရဲ့ ဆာအဲလက်စ် ဖာဂူဆန် အဖြစ် မြင်ချင်ပါတယ်။ အဲ့ဒီလိုဖြစ်ဖို့လည်း ဆုတောင်းပါတယ်။ သူက ကျွန်တော့်ကို ယုံကြည်မှုနဲ့ အခွင့်အရေးတွေ ပေးခဲ့တဲ့ ဆရာပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။