MySport Myanmar

ဘာကာက ဦးစားပေးမို့ ချယ်လ်ဆီးကို ပယ်ချခဲ့ရတာလို့ ဖာမင် လိုပက်ဇ် ဖွင့်ဟ

နွေရာသီအပြောင်းအရွှေ့ဈေးကွက် ပိတ်သိမ်းသွားခဲ့ပြီးနောက် ဘာစီလိုနာကွင်းလယ်ကစားသမား ဖာမင် လိုပက်ဇ်က သူ့ရဲ့အနာဂတ်နဲ့ပတ်သက်တဲ့ ထင်ကြေးပေးမှုတွေကို အဆုံးသတ်လိုက်ပြီး ချယ်လ်ဆီးအသင်းရဲ့ ကမ်းလှမ်းမှုကို ဘာကြောင့် ပယ်ချခဲ့ရတယ်ဆိုတာကို ဖွင့်ဟပြောကြားလိုက်ပါတယ်။

အသက် (၂၂)နှစ်အရွယ် ကစားသမားဟာ အပြောင်းအရွှေ့ကာလ နောက်ဆုံးရက်သတ္တပတ်တွေမှာ ချယ်လ်ဆီးအသင်းဆီကနေ ပြင်းပြင်းထန်ထန် စိတ်ဝင်စားခြင်းခံခဲ့ရပေမယ့် နောက်ဆုံးမှာတော့ လက်ရှိ လာလီဂါချန်ပီယံအသင်းမှာသာ ဆက်ရှိနေဖို့ ရွေးချယ်ခဲ့ပါတယ်။

Photo Credit : Football Espana

စပိန်အခြေစိုက် Mundo Deportivo သတင်းဌာနနဲ့ တွေ့ဆုံရာမှာ ဖာမင်က ချယ်လ်ဆီးအသင်းရဲ့ စိတ်ဝင်စားမှုကို အသိအမှတ်ပြုခဲ့ပေမယ့် သူ့ရဲ့အစီအစဉ်က ဘာစီလိုနာအသင်းမှာပဲ အမြဲရှိနေဖို့ဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။”နောက်ဆုံးမှာတော့ ကျွန်တော့်ရဲ့ ဦးစားပေးက အမြဲတမ်း ဘာကာမှာပဲ ရှိနေဖို့ပါပဲ။ ကျွန်တော် ဒီကို အသက် ၁၂ နှစ်အရွယ်ကတည်းက ရောက်ခဲ့တာပါ။ အသင်းကြီးကို ရောက်လာနိုင်ဖို့က ကျွန်တော့်ရဲ့အိပ်မက်တစ်ခု ဖြစ်ခဲ့ပါတယ်။ တခြားကလပ်တွေက စိတ်ဝင်စားတယ်ဆိုတာက အမြဲတမ်း ချီးကျူးခံရသလိုပါပဲ။”

“ဒါပေမဲ့ အမှန်တရားကတော့ ကျွန်တော့်ရဲ့စိတ်ကူးက ဘာကာမှာပဲဆက်နေပြီး ဒီမှာ အောင်မြင်မှုရဖို့ပါပဲ။ ဒီတစ်ပတ်မှ မဟုတ်ပါဘူး၊ အသင်းကြီးကို စရောက်ကတည်းက ကာတာလန်တွေရဲ့ ချစ်ခင်မှုကို အထူးခံစားခဲ့ရပါတယ်။” လို့ ဖာမင် လိုပက်ဇ်က ရှင်းပြခဲ့ပါတယ်။

Photo Credit : beIN SPORTS

ပြီးခဲ့တဲ့သီတင်းပတ်က ဘာစီလိုနာနည်းပြ ဟန်ဆီ ဖလစ်က ဖာမင်ကို အသင်းမှာဆက်ရှိစေချင်ကြောင်းနဲ့ ဆက်ရှိနေလိမ့်မယ်လို့ ယုံကြည်ကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပါတယ်။ လူငယ်ကွင်းလယ်ကစားသမားလေးကလည်း ကလပ်အသင်းအတွင်းက လူတွေရဲ့ လိုလားခြင်းခံရတယ်ဆိုတဲ့ ခံစားချက်က သူ့ရဲ့ဆုံးဖြတ်ချက်မှာ ကြီးမားတဲ့အခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

“ဒါက အရမ်းအရေးကြီးခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် ဒီမှာရှိနေဖို့ ဘာကာအတွက် ကစားပေးဖို့ အမြဲတိုက်ပွဲဝင်ခဲ့တာပါ။ ကျွန်တော့်ရဲ့စိတ်ကူးက ဒီမှာပဲ ဆက်နေဖို့ပါပဲ။ ဘောလုံးမှာတော့ ဘာဖြစ်လာမလဲဆိုတာ ဘယ်တော့မှ ကြိုမသိနိုင်ဘူးဆိုတာကို ခင်ဗျားတို့လည်း သိမှာပါ၊ ကိုယ့်အပေါ်မှာပဲ မူမတည်တဲ့ အရာတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ဦးစားပေးကတော့ အမြဲတမ်း ဘာကာမှာပဲ ဆက်နေဖို့ပါပဲ။” လို့ သူက ပြောကြားခဲ့ပါတယ်။

Exit mobile version