ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် နည်းပြကြီး တဦး ဖြစ်သူ ဆာ အဲလက်စ် ဖာဂူဆန်က သူဟာ မမျှော်လင့်ထားတဲ့ အသင်းတွေ ချန်ပီယံ ဖြစ်လာတာကို သဘောကျတာကြောင့် ယခုနှစ် ဘောလုံးရာသီမှာ ဘွန်ဒက်လီဂါ ချန်ပီယံဆုကို ဘိုင်ယန်မြူးနစ် အစား လေဗာကူဆင်ကိုပဲ ရစေချင်တယ်လို့ ဖရန့်ဖတ်အသင်းနဲ့ လုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

အသက် ၈၂နှစ် အရွယ် စကော့တလန်လူမျိုး ဂန္တဝင်နည်းပြကြီး ဆာ အဲလက်စ် ဖာဂူဆန်က အဘားဒင်း ၊ မန်ချက်စတာ ယူနိုက်တက် စတဲ့ အသင်းတွေနဲ့ ဥရောပတလွှားမှာ အောင်မြင်မှုပေါင်း များစွာ ရယူနိုင်ခဲ့သူ ဖြစ်ပြီး ဖာဂူဆန်ဟာ ဘောလုံးလောကရဲ့ သက်ရှိဂန္တဝင် အဖြစ် သတ်မှတ်ခံထားရပါတယ်။

Photo Credit: Reuters

ဒါကြောင့်ပဲ ဥရောပ တလွှားမှာ ရှိတဲ့ ဘောလုံးအားကစား ချစ်မြတ်နိုးသူတွေက ဆာအဲလက်စ် ဖာဂူဆန်ကို ချစ်ကြပြီး အင်္ဂါနေ့မှာလည်း ဘွန်ဒက်လီဂါကလပ် ဖရန့်ဖတ်က ဆာ အဲလက်စ် ဖာဂူဆန်ကို သူတို့အသင်းရဲ့ တသက်တာ မန်ဘာ အဖြစ် သတ်မှတ်ကာ ဂုဏ်ပြုပေးခဲ့ပါသေးတယ်။

ဖရန့်ဖတ်အသင်းက လုပ်ပေးခဲ့တဲ့ ဂုဏ်ပြုအင်တာဗျူးမှာ ဆာ အဲလက်စ် ဖာဂူဆန်က ဘယ်အသင်းကို ဂျာမဏီချန်ပီယံ အဖြစ် မြင်ချင်လဲ ဆိုတဲ့ မေးခွန်းအပေါ် သူဟာ ဒီရာသီမှာ ဘိုင်ယန်မြူးနစ်ကို ဘွန်ဒက်လီဂါ ချန်ပီယံ အဖြစ် မမြင်ချင်ကြောင်းနဲ့ ဘောလုံးပရိသတ်တွေကလည်း သူနဲ့ အမြင်တူလိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောကြားလာခဲ့ပါတယ်။

Photo Credit: Standard

ဆာ အဲလက်စ် ဖာဂူဆန်က – “ကျွန်တော်က ဖလားရဖို့ ရေပန်းမစားတဲ့ အသင်းတွေ ဆုဖလား ရတာကို အမြဲတမ်း မြင်ချင်ခဲ့တာပါ။ ဘိုင်ယန်မြူးနစ်ရဲ့ ပရိသတ်တွေက ကျွန်တော့်ရဲ့ စကားကို သဘောတူကြမှာ မဟုတ်ပေမယ့် တခြားအသင်းရဲ့ ပရိသတ်တွေကတော့ ကျွန်တော့်ရဲ့ စကားကို သဘောကျကြပါလိမ့်မယ်။ ဒီရာသီမှာ ဘိုင်ယန်မြူးနစ် မဟုတ်တဲ့ တခြားအသင်း တသင်း ဘွန်ဒက်လီဂါ ချန်ပီယံ ဖြစ်ဖို့ မျှော်လင့်ထားပါတယ်” ဆိုပြီး ဖွင့်ဟ ပြောဆိုသွားခဲ့တာပါ။

ဘွန်ဒက်လီဂါ ပွဲစဉ်(၂၆) အပြီးမှာ ဇာဘီ အလွန်ဆို ဦးဆောင်နေတဲ့ လေဗာကူဆင်က ရှုံးပွဲ တပွဲမှ မရှိသေးပဲ ရမှတ် ၇၀နဲ့ အမှတ်ပေးဇယားရဲ့ အဆင့်(၁)နေရာကို သိမ်းပိုက်ထားပြီး နာမည်ကြီး ဘိုင်ယန်မြူးနစ်ကတော့ ရမှတ် ၆၀မှတ်နဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။