စကော့တလန်ကလပ် အဘားဒင်းအသင်းနဲ့ အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းတို့ရဲ့ ဂန္တဝင် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန် ကတော့ သူ့ရဲ့ တပည့်ရင်းကြီး ခရစ္စတီယာနို ရိုနယ်ဒိုဟာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ အတွက် ပေးအပ်ချီးမြှင့်မယ့် ရွှေဘောလုံးဆုနဲ့ ထိုက်တန်တဲ့ ကစားသမား တဦး ဖြစ်ကြောင်း ထောက်ခံစကား ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၆နှစ် အရွယ် ပေါ်တူဂီ အသင်းခေါင်းဆောင် တိုက်စစ်မှူး ရိုနယ်ဒိုဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့ အတွင်းမှာ စီးရီးအေ အင်အားကြီးကလပ် ဂျူဗင်တပ်အသင်း ကနေ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပြန်လည် ပြောင်းရွှေ့လာကာ ခြေစွမ်းကောင်းတွေ ထုတ်ဖော် ပြသထားနိုင်သူပါ။

Photo Credit: Express

ရိုနယ်ဒိုဟာ ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ပေါ်တူဂီအသင်း အတွက် ပြိုင်ပွဲစုံမှာ ၉ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၁ဂိုး သွင်းယူထားနိုင်သလို ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း ဂျူဗင်တပ်အသင်း အတွက် ပြိုင်ပွဲစုံမှာ ၄၄ပွဲ ပါဝင် ကစားပေးခဲ့ကာ သွင်းဂိုး ၃၆ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ ရိုနယ်ဒိုဟာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ အတွက် ပေးအပ်ချီးမြှင့်မယ့် ရွှေဘောလုံးဆုရဲ့ စကာတင် ကစားသမား ၃၀ဦး စာရင်းမှာ ပါဝင်ခဲ့သလို ရွှေဘောလုံးဆုကို ရရှိဖို့ ရေပန်းအစားဆုံး ဖြစ်နေတဲ့ ကစားသမား ၁၀ဦးစာရင်းထဲမှာလည်း ပါဝင်နေပါတယ်။

Photo Credit: Express

ဒါပေမယ့် ရိုနယ်ဒိုဟာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာ အဓိက ဆုဖလားတွေ ရယူနိုင်ခဲ့ခြင်း မရှိတာကြောင့် ရွှေဘောလုံးဆုကို ရယူနိုင်ဖို့ အခွင့်အလမ်း နည်းပါးနေပြီး မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂန္တဝင် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန် ကတော့ သူ့ရဲ့ တပည့်ဟောင်းဟာ ယခုနှစ်အတွင်းမှာ စံချိန်ပေါင်း များစွာကို ချိုးဖျက်နိုင်ခဲ့တာကြောင့် ရွှေဘောလုံးဆုနဲ့ ထိုက်တန်တယ်လို့ သုံးသပ် ချီးကျူးသွားခဲ့ပါတယ်။

ဖာဂူဆန်က – “ ခရစ္စတီယာနိုက ရွှေဘောလုံးဆုနဲ့ ထိုက်တန်မှု ရှိပါတယ်။ ဒီနှစ်မှာ သူက စံချိန်တွေ အများကြီးကို ချိုးဖြတ်ထားနိုင်တယ်လေ” လို့ ထုတ်ဖော် ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။