ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ စကော့တလန်ကလပ် အဘားဒင်း အသင်းတို့ရဲ့ ဂန္တဝင် နည်းပြကြီး တစ်ဦးဖြစ်သူ ဆာအဲလက်စ် ဖာဂူဆန် ကတော့ လက်ရှိ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် နာမည်ကြီး ကလပ် အာဆင်နယ် အသင်းရဲ့ မရှိမဖြစ် တိုက်စစ်မှူး အဖြစ် ခြေစွမ်းပြ နေတဲ့ စကော့တလန် ဘယ်နောက်ခံလူ တီယာနေးရဲ့ ခြေစွမ်းကို အထူးတလည် ချီးကျူး သွားခဲ့ပါတယ်။ အသက် ၂၃နှစ် အရွယ် စကော့တလန် လက်ရွေးစင် ဘယ်နောက်ခံလူ တီယာနေးဟာ အာဆင်နယ် အသင်းထံကို ၂၀၁၉ ခုနှစ်မှာ စကော့တလန် ကလပ် ဆဲလ်တစ်အသင်း ကနေ ပြောင်းရွှေ့ကြေး ယူရို ၂၇သန်းနဲ့ ပြောင်းရွှေ့ လာသူ ဖြစ်ပြီး အဆိုပါ အချိန်မှ စတင်ကာ အသင်းရဲ့ အဓိက ဘယ်နောက်ခံလူ တစ်ဦး ဖြစ်လာပါတယ်။

Photo Credit: Football London

ယခုနှစ် ဘောလုံးရာသီ မှာတော့ တီယာနေးဟာ အာဆင်နယ် အသင်းရဲ့ မရှိမဖြစ် ကစားသမားတွေ ထဲက တစ်ဦးအဖြစ် ခြေစွမ်းပြနေပြီး ခံစစ်ပိုင်းမှာ မာကျောမှု ရှိသလို တိုက်စစ်လိုက်ပါမှု အပိုင်းမှာလည်း ဘယ်စွန် နောက်ခံလူ တစ်ယောက် ဖြစ်ပေမယ့် ဒီရာသီ ပရီးမီးယားလိဂ်မှာ အသင်းရဲ့ အခွင့်အရေး ဖန်တီးမှု အများဆုံး ကစားသမား အဖြစ် ရပ်တည်နေပါတယ်။ တီယာနေးဟာ လက်ရှိရာသီမှာ အာဆင်နယ် အသင်း အတွက် ပြိုင်ပွဲစုံမှာ ၂၂ပွဲ ပါဝင် ကစားပေးထားပြီး သွင်းဂိုး ၁ဂိုး သွင်းယူထားကာ ဂိုးဖန်တီးမှု ၃ကြိမ် ပြုလုပ် ထားနိုင်ခဲ့သူပါ။ ဒါ့ကြောင့်ပဲ ဘောလုံးဂုရုကြီး တစ်ဦးဖြစ်သူ ဖာဂူဆန်က တီယာနေးဟာ ထူးခြားတဲ့ အရည်အသွေးတွေကို ပိုင်ဆိုင်ထားတဲ့ ကစားသမား တစ်ဦးဖြစ်ကြောင်း ချီးကျူး ပြောကြား သွားခဲ့တာပါ။

Photo Credit: Football London

တီယာနေးရဲ့ ခြေစွမ်းနဲ့ ပတ်သတ်ပြီး ဆာအဲလက်စ် ဖာဂူဆန်က “စကော့တလန် အသင်းဟာ အရမ်း ကောင်းတဲ့ ကွင်းလယ်လူ တချို့ကို ပိုင်ဆိုင် ထားပါတယ်။ ပြီးတော့ သူတို့တွေ အနေနဲ့ ရော်ဘတ်ဆန် ၊ တီယာနေးတို့လို ကစားတဲ့ နေရာတူနေတဲ့ ကစားသမား နှစ်ဦးကို ဘယ်လိုပုံစံနဲ့ ကစားခိုင်းမလဲ ဆိုတာ ကျွန်တော် သေချာ မတွေးတတ်ပါဘူး။ တချို့ အခြေအနေတွေမှာ တီယာနေးက ခံစစ်သုံးယောက်တန်းရဲ့ ဘယ်ခြမ်းခံစစ်မှာ ကစားနိုင်တာကို ကျွန်တော် သိပါတယ်။ ဒါပေမယ့် အာဆင်နယ် အသင်းမှာ ဘယ်အစွန် ခံစစ်မှူး တစ်ဦးအနေနဲ့ ကစားပြနေတဲ့ တီယာနေးရဲ့ လက်ရှိ ပုံစံက အရမ်းကို ထူးခြားလွန်းပါတယ်။ ရော်ဘတ်ဆန်ရဲ့ လီဗာပူး ကစားသမား ဘဝကတော့ တဖြည်းဖြည်း ပိုပိုပြီး ကောင်းလာတာပါပဲ” လို့ ချီးကျူး သွားခဲ့ပါတယ်။ ဖာဂူဆန်ဟာ စကော့တလန် နိုင်ငံသား တစ်ဦးဖြစ်တာကြောင့် စကော့တလန် လက်ရွေးစင် အသင်းရဲ့ အကြောင်းကို ဆွေးနွေးရာမှာ တီယာနေးကို ချီးကျူးသွားတာလည်း ဖြစ်ပါတယ်။