ဆာအဲလက်စ် ဖာဂူဆန်လို့ ပြောလိုက်ရင် ဘောလုံး အားကစားကို မနှစ်သက်ပဲ ဘောလုံးအကြောင်းကို အနည်းငယ် တီးမိခေါက်မိ ရှိသူကတောင် ဖာဂူဆန်ဟာ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂန္တဝင် နည်းပြတစ်ဦး ဖြစ်ကြောင်းကို သိရှိကြပါတယ်။ ယနေ့ဟာ ဆာအဲလက်စ် ဖာဂူဆန်ရဲ့ အသက် ၇၉နှစ်ပြည့် မွေးနေ့လေးလည်း ဖြစ်ပါတယ်။ ဆာအဲလက်စ် ဖာဂူဆန်လို့ ပြောလိုက်တာနဲ့ ပရိသတ်တွေဟာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ အတူ ဆုဖလားတွေ များစွာ ရယူနိုင်ခဲ့သူ တစ်ဦးလို့ သိကြပေမယ့် ပရိသတ် အများစု မသိသေးတာ ကတော့ ဖာဂူဆန်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် သာမက စကော့တလန် နာမည်ကြီး အသင်းဖြစ်တဲ့ အဘားဒင်း အသင်းရဲ့ ဂန္တဝင်နည်းပြ တစ်ဦး ဖြစ်နေတာပါပဲ။

Photo Credit: Pin interest

စကော့တလန်လူမျိုး ဖြစ်တဲ့ ဖာဂူဆန်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းကို ၂၆နှစ်ကျော် ကိုင်တွယ်ခဲ့တဲ့ ဂန္တဝင် နည်းပြကြီး တစ်ဦး ဖြစ်ပြီး အသင်းကို ပရီးမီးယားလိဂ်ဖလား ၁၃ကြိမ် ၊ ချန်ပီယံလိဂ် ဖလား ၂ကြိမ် ၊ အက်ဖ်အေဖလား ၅ကြိမ် ၊ လိဂ်ဖလား ၄ကြိမ် ၊ ကမ္ဘာ့ကလပ်ဖလား ၁ကြိမ် ၊ ဥရောပ စူပါဖလား ၁ကြိမ် ၊ European Cup’s Winner Cup ၁ကြိမ် စတဲ့ အဓိက ဆုဖလား အောင်မြင်မှုတွေ ရရှိအောင် ဦးဆောင် ပေးနိုင်ခဲ့သူပါ။ ဒါပေမယ့် ဖာဂူဆန်ဟာ အများစု ထင်ထားသလို မန်ချက်စတာ ယူနိုက်တက် အသင်းတစ်သင်းထဲနဲ့သာ အောင်မြင်ခဲ့တာ မဟုတ်ပါဘူး။ သူဟာ သူ့ရဲ့ မွေးရပ်မြေ ဖြစ်တဲ့ စကော့တလန်မှာလည်း အောင်မြင်ထင်ရှားတဲ့ နည်းပြတစ်ဦး ဖြစ်ခဲ့ပါတယ်။

Photo Credit: Pin interest

ဖာဂူဆန်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းကို မကိုင်တွယ်မီ အဘားဒင်းအသင်းနဲ့ စကော့တလန် လက်ရွေးစင် အသင်းတို့ကို ဦးစွာ ကိုင်တွယ်ခဲ့ပါတယ်။ ဖာဂူဆန်ဟာ ၁၉၇၈ခုနှစ် ဇွန်လမှာ အဘားဒင်း အသင်းကို စတင် ကိုင်တွယ်ခဲ့ပြီး သူကိုင်တွယ်တဲ့ အချိန်မှာ အဘားဒင်းအသင်းဟာ စကော့တလန်ရဲ့ နာမည်ကြီး အသင်းတွေထဲက တစ်သင်း ဖြစ်ပေမယ့် အဆင့်မြင့်တန်း ဖလားကို မရရှိတာဟာ ၂၃နှစ် အထိ ရှိနေတဲ့ အသင်းတစ်သင်းပါ။ ဖာဂူဆန်ဟာ အဘားဒင်း အသင်းကို စတင် ကိုင်တွယ်ချိန်မှာ ငယ်ရွယ်တဲ့ နည်းပြတစ်ဦးသာ ဖြစ်တာကြောင့် အသင်းရဲ့ စီနီယာ ကစားသမား တချို့ကို ထိန်းကျောင်းဖို့ ပြုလုပ်ရာမှာ အနည်းငယ် အခက်အခဲတွေ ရှိခဲ့ပြီး အဘားဒင်းအသင်းနဲ့ ပထမဦးဆုံး ရာသီမှာ ဆုဖလား အောင်မြင်မှု မရခဲ့သလို လိဂ်မှာလည်း အဆင့်၄နဲ့သာ ရာသီ သိမ်းခဲ့ပါတယ်။

Photo Credit: Pin interest

ဒါပေမယ့် ဒုတိယရာသီကို ရောက်ချိန်မှာတော့ ဖာဂူဆန်ရဲ့ အဘားဒင်း အသင်းဟာ ပြောင်းလဲသွားခဲ့ပြီး စကော့တလန်လိဂ်ရဲ့ အကောင်းဆုံး အသင်းတစ်သင်း ဖြစ်လာသလို ၂၃နှစ်ကြာ ဝေးကွာနေတဲ့ အဆင့်မြင့်တန်း ဖလားကိုလည်း ပြန်လည် ရရှိခဲ့ပါတယ်။ ဖာဂူဆန်ရဲ့ အဘားဒင်းနည်းပြ ဘဝ တတိယ‌ ဘောလုံးရာသီ ဖြစ်တဲ့ ၁၉၈၀-၈၁ ဘောလုံးရာသီ မှာတော့ အဘားဒင်း အသင်းဟာ လိဂ်ချန်ပီယံဆုကို လက်လွှတ် ခဲ့ရသလို Drybrough Cupကို သာ ရရှိခဲ့ပါတယ်။ ဒါပေမယ့် ဖာဂူဆန် တည်ဆောက်ခဲ့တဲ့ အဘားဒင်း အသင်းရဲ့ ခြေစွမ်းဟာ ကျဆင်းသွားခြင်း မရှိပဲ ၁၉၈၁ ခုနှစ် ဖာဂူဆန်ရဲ့ စတုတ္ထမြောက် ရာသီမှာတော့ စကော့တလန် ရှုံးထွက်ဖလားကို အဘားဒင်း အသင်းဟာ ရရှိခဲ့ပါတယ်။

Photo Credit: Pin interest

၁၉၈၂-၁၉၈၃ ဘောလုံးရာသီ ကတော့ ဖာဂူဆန်ရဲ့ အဘားဒင်းနည်းပြ ဘဝ အအောင်မြင်ဆုံး ရာသီ တစ်ခု ဖြစ်ခဲ့ပြီး အဆိုပါနှစ်မှာ အဘားဒင်း အသင်းဟာ စကော့တလန် ရှုံးထွက်ဖလားကို ၂နှစ်ဆက် ရရှိခဲ့သလို European Cup’s Winner Cup (လက်ရှိ ယူရိုပါလိဂ်ဖလားနဲ့ အဆင့်အတန်း တူညီသည့် ဖလား) ကိုလည်း စပိန်အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းကို ကျော်ဖြတ်ပြီး ရရှိခဲ့ပါတယ်။ ဒါ့အပြင် အဆိုပါ အောင်မြင်မှုကြောင့် ယှဉ်ပြိုင်ခွင့်ရတဲ့ ဥရောပစူပါဖလား ပြိုင်ပွဲမှာလည်း အဘားဒင်း အသင်းဟာ ဗိုလ်စွဲခဲ့ပြန်ပါတယ်။ ဖာဂူဆန်နဲ့ အဘားဒင်း အသင်းရဲ့ အောင်မြင်မှုတွေဟာ အဲ့ဒီလောက်နဲ့ ရပ်တန့်ခဲ့ခြင်း မရှိပဲ ၁၉၈၃- ၁၉၈၄ ဘောလုံးရာသီနဲ့ ၁၉၈၄- ၁၉၈၅ ဘောလုံးရာသီတွေမှာ အဘားဒင်း အသင်းဟာ စကော့တလန် အဆင့်မြင့်တန်းဖလားနဲ့ စကော့တလန် ရှုံးထွက်ဖလား တို့ကို ဆက်တိုက် ရယူနိုင်ခဲ့ပါတယ်။ ဖာဂူဆန်ရဲ့ အဘားဒင်းအသင်းနဲ့ နောက်ဆုံး ရရှိခဲ့တဲ့ ဆုဖလား ကတော့ ၁၉၈၅- ၁၉၈၆ ခုနှစ်မှာ ရရှိတဲ့ စကော့တလန် လိဂ်ဖလား (အဆင့်မြင့်တန်းဖလား မဟုတ်ပါ) ပဲ ဖြစ်ပါတယ်။

Photo Credit: Pin interest

ဖာဂူဆန်ဟာ အဘားဒင်းအသင်းကို ၁၉၇၈ ခုနှစ်ကနေ ၁၉၈၅ခုနှစ် အထိ ၈နှစ်ကြာအောင် ကိုင်တွယ်ခဲ့ပြီး အဆင့်မြင့်တန်း လိဂ်ဖလား ၃ကြိမ် ၊ စကော့တလန် ရှုံးထွက်ဖလား ၄ကြိမ် ၊ စကော့တလန် လိဂ်ဖလား ၁ကြိမ် ၊ Drybrough Cup ၁ကြိမ် ၊ European Cup’s Winners Cup ၁ကြိမ် ၊ ဥရောပ စူပါဖလား ၁ကြိမ် စတဲ့ ဆုဖလားပေါင်းစုံ ၁၁လုံး အထိ ရယူပေးနိုင်ခဲ့ကာ အသင်းရဲ့ ဂန္တဝင် နည်းပြတစ်ဦး အဖြစ် သတ်မှတ်ခံခဲ့ ရပါတယ်။ ဒီလောက် ဆိုရင်တော့ ဆာအဲလက်စ် ဖာဂူဆန်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ သာမက အဘားဒင်းအသင်းမှာပါ အောင်မြင်မှုပေါင်း များစွာ ရရှိခဲ့တာကို သိရှိသွားကြပြီလို့ ထင်ပါတယ်။

Photo Credit: Pin interest

ဒီဆောင်းပါးကို ယနေ့မှာ ကျရောက်တဲ့ ဆာအဲလက်စ် ဖာဂူဆန်ရဲ့ မွေးနေ့ အမှတ်တရ အဖြစ် တင်ဆက် ပေးတာဖြစ်ပြီး အသက် ၇၉နှစ် ပြည့်သွားတဲ့ ဖာဂူဆန် တစ်ယောက် အသက်ရာကျော် ရှည်ပါစေကြောင်း ကျွန်တော်တို့ MYSPORT MYANMAR အဖွဲ့သားတွေက ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ် ခင်ဗျာ…။