ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂန္တဝင် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်ဟာ သူ့ရဲ့ အချစ်ဆုံး တပည့် ရိုနယ်ဒို တယောက် မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ပြန်လည် ပြောင်းရွှေ့လာတဲ့ ကိစ္စမှာ အဓိက ကြိုးကိုင်သူ အဖြစ် ပါဝင်ခဲ့ကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဂျူဗင်တပ်အသင်း ကနေ ထွက်ခွာကာ မန်ချက်စတာ စီးတီးအသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်နေတဲ့ အသင်းရဲ့ ကစားသမားဟောင်း ရိုနယ်ဒိုကို နောက်ဆုံးအချိန်မှ ဝင်ရောက် ကမ်းလှမ်းခဲ့တာ ဖြစ်ပြီး ရိုနယ်ဒိုကလည်း အသင်းဟောင်းရဲ့ ကမ်းလှမ်းမှုကို ရရှိချိန်မှာ မန်ချက်စတာ စီးတီးအသင်းနဲ့ ဆွေးနွေးမှုတွေကို ရပ်ဆိုင်းခဲ့ပါတယ်။

Photo Credit: Sky Sports

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ရိုနယ်ဒိုကို အသင်းထံ ပြန်လည် ခေါ်ယူနိုင်ခဲ့ကြောင်း တရားဝင် ထုတ်ပြန် ကြေညာခဲ့သလို ယူနိုက်တက် ပရိသတ် အများစုကလည်း ရိုနယ်ဒို ရောက်ရှိလာတာကြောင့် ပျော်ရွှင်နေကြပြီး ရိုနယ်ဒိုရဲ့ ဆရာဟောင်း ဖြစ်သူ ဆာအဲလက်စ် ဖာဂူဆန်ကတော့ တပည့်ဟောင်း ပြန်လာတဲ့ အပေါ် အပျော်ရွှင်ဆုံး ဖြစ်နေကြမယ့် လူသားတွေထဲက တဦးပါ။

ဗြိတိန်အခြေစိုက် သတင်းဌာန အများစုရဲ့ ဖော်ပြချက်အရ ရိုနယ်ဒို တယောက် မန်ချက်စတာ စီးတီးအသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ကာ မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာဟာ ဖာဂူဆန်ရဲ့ တိုက်တွန်းစကားတွေကြောင့် ဖြစ်ပြီး ဖာဂူဆန်ဟာ ယမန်နေ့ မနက်အစောပိုင်းမှာပဲ ရိုနယ်ဒိုဆီ သူကိုယ်တိုင် ဖုန်းခေါ်ဆိုခဲ့ကြောင်း သိရပါတယ်။

Photo Credit: Sky Sports

ဖာဂူဆန်ဟာ ရိုနယ်ဒိုနဲ့ ဖုန်းပြောပြီးနောက် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဘုတ်အဖွဲ့ဝင်တွေနဲ့ ချက်ချင်း အစည်းအဝေး လုပ်ခဲ့ပြီး ရိုနယ်ဒိုကို အသင်းထံ မရရအောင် ပြန်လည် ခေါ်ယူဖို့နဲ့ ရိုနယ်ဒိုကို မန်ချက်စတာ စီးတီးအသင်းရဲ့ ဝတ်စုံနဲ့ မမြင်ချင်ကြောင်း တချက်လွှတ် အမိန့်ပေးခဲ့ပါတယ်။

ဖာဂူဆန်ရဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်ကို ကြားပြီးနောက် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဒုတိယ ဥက္ကဌ အက်ဝုဒ်ဝက်ဟာ သူကိုယ်တိုင် ဂျူဗင်တပ်အသင်းနဲ့ ပြောင်းရွှေ့ကြေး ညှိနှိုင်းမှုတွေကို ချက်ချင်း လုပ်ဆောင်ခဲ့ပြီး အဆုံးသတ်မှာတော့ ရိုနယ်ဒိုဟာ ၂၄နာရီ အတွင်း မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကစားသမား ဖြစ်လာပါတော့တယ်။