ဗြိတိန်နိုင်ငံရဲ့ ဂုဏ်သိက္ခာကြီးမားတဲ့ ဂုဏ်ထူးဆောင် ဆုတံဆိပ်တစ်ခု ဖြစ်တဲ့ ဆာဘွဲ့ကို ရရှိထားသလို ကမ္ဘာ့ဘောလုံးသမိုင်းရဲ့ အကောင်းဆုံး နည်းပြတွေထဲက တစ်ဦးအဖြစ် သတ်မှတ် ခံထားရတဲ့ နည်းပြတစ်ဦး ကတော့ စကော့တလန်သားကြီး ဆာအဲလက်စ် ဖာဂူဆန်ပဲ ဖြစ်ပါတယ်။ လက်ရှိ အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ လူကြိုက်အများဆုံးအသင်းနဲ့ အအောင်မြင်ဆုံး အသင်းအဖြစ် သတ်မှတ်ခံထားရတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းကို ဆယ်စုနှစ် သုံးခုနီးပါး ကြာအောင် ကိုင်တွယ်ခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အသက်ဝိညာဉ်တစ်ခု ဖြစ်တယ်လို့ ပရိသတ်တွေရဲ့ သတ်မှတ်ခြင်းကို ခံထားရတဲ့ ဖာဂူဆန်ဟာ မန်ယူအသင်းနဲ့အတူ များပြားလွန်းလှတဲ့ အောင်မြင်မှုတွေကို ရယူခဲ့ဖူးသူ တစ်ဦးပါ။

Photo Credit: Give Me Sport

ဖာဂူဆန်ဟာ မန်ယူအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၁၃ကြိမ် ၊ ချန်ပီယံလိဂ်ဖလား ၂ကြိမ် ၊ အက်ဖ်အေဖလား ၅ကြိမ် ၊ ကားလင်းဖလား ၄ကြိမ် ၊ ကမ္ဘာ့ကလပ်ဖလား ၁ကြိမ် ၊ ဥရောပ စူပါဖလား ၁ကြိမ်နဲ့ ကွန်မြူနတီဒိုင်း ၁၀ကြိမ်တို့ကို ရယူ ဆွတ်ခူးနိုင်ခဲ့သူ ဖြစ်ပြီး သူ့ရဲ့ လက်ထက်မှာ မန်ယူအသင်းဟာ ဥရောပရဲ့ အကောင်းဆုံး အသင်းတွေထဲက တစ်သင်း ဖြစ်ခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ပြိုင်ဘက် အသင်းကောင်းတွေနဲ့ မကြာခဏ ရင်ဆိုင်ခဲ့ရပါတယ်။ လက်ရှိမှာတော့ ဖာဂူဆန်ဟာ နည်းပြ ဘဝကနေ အနားယူသွားခဲ့ပြီ ဖြစ်ကာ အင်တာဗျူးတစ်ခုမှာတော့ သူ့ရဲ့ နည်းပြဘဝ အကောင်းဆုံး ပြိုင်ဘက်အသင်းဟာ ၂၀၁၁ခုနှစ်မှာ ချန်ပီယံလိဂ်ဖိုင်နယ် ပွဲစဉ်မှာ ရင်ဆိုင် ကစားခဲ့ရတဲ့ ဘာစီလိုနာအသင်း ဖြစ်ပါတယ်လို့ ဝန်ခံပြောဆို သွားခဲ့ပါတယ်။

 

Photo Credit: Give Me Sport

၂၀၁၀-၂၀၁၁ ဘောလုံးရာသီရဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲ ဖိုင်နယ်အဆင့်မှာ မန်ယူအသင်းနဲ့ ဘာစီလိုနာအသင်းတို့ဟာ ထိပ်တိုက် တွေ့ဆုံခဲ့ကြတာ ဖြစ်ပြီး အဆိုပါ အချိန်တုန်းက ဘာစီလိုနာ အသင်းဟာ နည်းပြ ဂွာဒီယိုလာရဲ့ ဦးဆောင်မှု မက်ဆီ ၊ အင်နီယေစတာ ၊ ဇာဗီ ၊ ဘက်စ်ကွက် ၊ မာရှေယာနို ၊ အဲဗက် စတဲ့ ကစားသမားတွေရဲ့ တောက်ပမှုနဲ့ ဥရောပရဲ့ အကောင်းဆုံး အသင်းတစ်သင်း ဖြစ်ခဲ့သလို ဖိုင်နယ်ပွဲစဉ်မှာလည်း မန်ယူအသင်းကို သုံးဂိုး တစ်ဂိုးဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။ သူ့ရဲ့နည်းပြဘဝ အကောင်းဆုံး ပြိုင်ဘက်အသင်းနဲ့ ပတ်သတ်ပြီး ဖာဂူဆန်က ” ကျွန်တော့်ရဲ့ နည်းပြဘဝမှာ တွေ့ဆုံခဲ့ရတဲ့ အသင်းတွေထဲမှာ ၂၀၁၁ခုနှစ်ရဲ့ ဘာစီလိုနာအသင်းဟာ အကောင်းဆုံး အသင်းပဲ ဖြစ်ပါတယ်။ သူတို့အသင်းလိုမျိုး ကျွန်တော်တို့ အသင်းကို နောက်ကောက်ချသွားနိုင်တဲ့ အသင်းမျိုး မတွေ့ခဲ့ဖူးပါဘူး ” လို့ ဖွင့်ဟ ဝန်ခံ သွားခဲ့တာပဲ ဖြစ်ပါတယ်။