ဖာဖန်တောရက်စ်ဂါဆီယာလို့ခေါ်တဲ့ ဗလန်စီယာ တောင်ပံတိုက်စစ်ကစားသမားလေးက လက်ရှိမှာ အသက်(၂၀)အရွှယ်သာရှိနေသေးပေမယ့် သူရဲ့စွမ်းဆောင်ရည်တွေကြောင့် ဥရောပအသင်းပေါင်းများစွာရဲ့ ပစ်မှတ်ဖြစ်နေလျက်ရှိကာ လီဗာပူးလ် မန်စီးတီး ဂျုဗင်တပ်စ် ဘာစီလိုနာအသင်းတွေကနေ အပြိုင်စိတ်ဝင်စားနေကြသလို အခုဆိုရင်လည်း အသက်လက်တီကိုမက်ဒရစ်အသင်းကပါ တောရက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့တာကြောင့် ဒီနေ့မှာ ဖာရန်တောရက်စ်ရဲ့အကြောင်းကို ရှာဖွေစုဆောင်းထားလို့ရသမျှ ညီအစ်ကိုတို့အတွက် ပြန်လည်ဖော်ပြပေးသွားချင်ပါတယ်။

Photo Credit : Youtube

တောရက်စ်ဟာ ဗလန်စီယာအကယ်ဒမီမှာ အသက်(၆)နှစ်ကတည်းက ရောက်ရှိနေခဲ့တဲ့ လူငယ်ကစားသမားလေးတစ်ယောက်ဖြစ်ကာ ဗလန်စီယာလူငယ်အသင်းအတွင်း ၂၀၀၆ခုနှစ်ကနေ ၂၀၁၇ခုနှစ်အထိ ဆယ်နှစ်ကျော်ကြာအောင် ပါဝင်ကစားခဲ့ပြီး ဗလန်စီယာဘီအသင်းမှာတော့ တစ်ရာသီဆက်လက်ဖြတ်သန်းခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ဗလန်စီယာစီနီယာအသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ တောရက်စ်ဟာ ဒီရာသီမှာ ဗလန်စီယာအသင်းအတွက် ပြိုင်ပွဲစုံ(၃၅)ပွဲအထိကို သွင်းဂိုး(၆)ဂိုး သွင်းယူထားနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု(၇)ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပါတယ်။

Photo Credit : AS English

တောရက်စ်ဟာ ဗလန်စီယာအသင်းနဲ့ ချုပ်ဆိုထားတဲ့စာချုပ်အရ လာမယ့် ၂၀၂၁ခုနှစ်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး လက်ရှိမှာလည်း ကစားသမားနဲ့ အသင်းကြား သက်တမ်းတိုးမယ့်ကိစ္စ သဘောတူညီမှုမရယူနိုင်သေးလို့ ဒီနှစ်နွေစျေးကွက်အတွင်းမှာပဲ အသင်းကနေ ရောင်းချရဖွယ်ရှိနေပါတယ်။ လတ်တလောမှာတော့ ဖာရန်တောရက်စ်ရဲ့တန်ကြေးဟာ ယူရိုသန်း(၅၀)လောက်အထိကို ရှိလို့နေပြီး ဒီပမာဏဟာ သူ့ကိုစိတ်ဝင်စားနေတဲ့ အသင်းကြီးတွေအတွက် သိပ်မခက်ခဲလှတဲ့ ပမာဏဖြစ်နေတဲ့အပြင် သက်တမ်းကုန်ဆုံးဖို့ကလည်း တစ်နှစ်ပဲကျန်တော့တာဖြစ်လို့ ဗလန်စီယာအသင်းအနေနဲ့ တောရက်စ်အတွက် ကမ်းလှမ်းမှုတိုင်းကို နားစွင့်ထားရနိုင်ပါတယ်။ တောရက်စ်ဟာ စပိန်ယူ-၁၇ ယူ-၁၉ ယူ-၂၁အသင်းတွေမှာ တောက်လျှောက်ပါဝင်ကစားခဲ့ဖူးပြီး သိပ်မကြာခင်မှာ စပိန်လက်ရွေးစင်အသင်းမှာလည်း စတင်ရွေးချယ်ခံရဖွယ်ရှိနေပါတယ်။