ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် နောက်ခံလူ တဦး ဖြစ်သလို လက်ရှိအချိန်မှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ရီယို ဖာဒီနန်က သူ့ရဲ့ အသင်းဟောင်းအနေနဲ့ အရန်တိုက်စစ်မှူး အဖြစ် ဘိုလော့ဂ်နာ တိုက်စစ်မှူး အနော်တိုဗစ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေမယ့် အစား အသင်းရဲ့ ကစားသမားဟောင်း တဦး ဖြစ်တဲ့ ဝဲလ်ဘက်ကို ပြန်လည် ခေါ်ယူသင့်ကြောင်း တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ဝါရင့် တိုက်စစ်မှူး ကာဗာနီကို အသင်းကနေ အလွတ်နဲ့ ထွက်ခွာခွင့် ပေးခဲ့ပြီးနောက် အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် အရန်တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ စီစဉ်ထားတဲ့ အသင်း ဖြစ်ပြီး လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်က နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်ရဲ့ တပည့်ဟောင်း အနော်တိုဗစ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။

Photo Credit: Express

အသက် ၃၃နှစ် အရွယ် ဩစတီးယား လက်ရွေးစင် တိုက်စစ်မှူး အနော်တိုဗစ်က လက်ရှိအချိန်မှာ ဘိုလော့ဂ်နာရဲ့ အဓိက တိုက်စစ်မှူး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်သလို ပရီးမီးယားလိဂ်ကလပ် ဝက်စ်ဟမ်းမှာလည်း အချိန်အတော်ကြာအောင် ကစားခဲ့သူ ဖြစ်ပါတယ်။

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်က ပရီးမီးယားလိဂ် အတွေ့အကြုံရင့် တိုက်စစ်မှူး ဖြစ်တဲ့ အနော်တိုဗစ်ကို အရန်တိုက်စစ်မှူး အဖြစ် ခေါ်ယူချင်နေတာ ဖြစ်ပြီး ဘိုလော့ဂ်နာကတော့ သူတို့အသင်းရဲ့ အဓိက တိုက်စစ်မှူး အနော်တိုဗစ်ကို ရောင်းချဖို့ တွန့်ဆုတ်နေပါတယ်။

 

Photo Credit: Express

မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် နောက်ခံလူ ရီယို ဖာဒီနန်ကတော့ သူ့ရဲ့ အသင်းဟောင်းအနေနဲ့ အရန်တိုက်စစ်မှူး တဦးကို ခေါ်ယူချင်ရင် ဘာကြောင့် အသင်းရဲ့ ကစားသမားဟောင်း ဒန်နီ ဝဲလ်ဘက်ကို ခေါ်ယူဖို့ မကြိုးစားတာလဲ လို့ မေးခွန်းထုတ်ခဲ့သလို ဝဲလ်ဘက်က ယူနိုက်တက်အတွက် သင့်တော်တဲ့ အရန်တိုက်စစ်မှူး ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဖာဒီနန်က – “ဝဲလ်ဘက်ကသာ အခုချိန်မှာ ယူနိုက်တက်အတွက် ပြန်ကစားပေးရင် သူက အသင်းရဲ့ ပွဲထွက် ကစားသမား ဖြစ်လာနိုင်ပါတယ်။ ဘရိုက်တန်နဲ့ ယူနိုက်တက်တို့ ကစားခဲ့တဲ့ ပွဲမှာ ဝဲလ်ဘက်က ရင်ကော့ပြီး ကွင်းထဲကို ဝင်လာခဲ့သလို သူ့ပုံစံကို ကြည့်ရတာ အဲ့ဒီပွဲမှာ ယူနိုက်တက်ကို ဒုက္ခပေးဖို့ ဆုံးဖြတ်ခဲ့ပုံပါပဲ။ တကယ်လည်း သူက အဲ့ဒီလိုမျိုး လုပ်ဆောင်နိုင်ခဲ့ပါတယ်။ တကယ်လို့ ယူနိုက်တက်ကသာ အရန်တိုက်စစ်မှူး တဦး လိုချင်တယ် ဆိုရင် ဒန်နီ ဝဲလ်ဘက်ကို ခေါ်လိုက်တာက မှားယွင်းမယ့် ဆုံးဖြတ်ချက်မျိုး မဟုတ်ပါဘူး။ သူက တရာသီကို ၁၅ဂိုးကနေ ၂၅ဂိုးလောက် အထိ သွင်းပေးနိုင်တဲ့ တိုက်စစ်မှူးမျိုးပါ။ သူက ရိုနယ်ဒိုအတွက် လိုက်ကစားပေးနိုင်သလို အသင်းဖော်တွေ အတွက် နေရာလွတ်တွေ ရအောင် ဖန်တီးပေးနိုင်ပါတယ်။ သူက ဘရူနိုလို ကစားသမားမျိုးတွေ ကြိုက်ကြတဲ့ နောက်ခံလူတွေရဲ့ အနောက်ကို ပြေးဝင်ပြီး ဂိုးသွင်းယူနိုင်တဲ့ ပြေးလမ်းကြောင်းမျိုး ရှာတဲ့ နေရာမှာလည်း ထူးချွန်သူပါ” လို့ ပြောကြားသွားခဲ့တာပါ။