ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင်နေတဲ့ ရီယို ဖာဒီနန်ကတော့ ချယ်လ်ဆီးနည်းပြ ဂရေဟမ် ပေါ်တာအား ယခုနှစ် ဘောလုံးရာသီမှာ သူတို့အသင်း ကနေ အင်တာမီလန်ထံ အငှားနဲ့ သွားရောက် ကစားနေတဲ့ တိုက်စစ်မှူး လူကာကူကို လာမယ့် နွေဈေးကွက်မှာ ပြန်ခေါ်ကာ အသင်းအတွက် အသုံးပြုဖို့ တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

အသက် ၂၉နှစ် အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင် တိုက်စစ်မှူး ရိုမီလု လူကာကူက ၂၀၂၁ခုနှစ် နွေဈေးကွက် အတွင်းမှာ အင်တာမီလန် ကနေ ချယ်လ်ဆီးထံ စံချိန်တင် ပြောင်းရွှေ့ကြေး တရပ် ဖြစ်တဲ့ ယူရို ၁၁၃သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပေမယ့် သူဟာ ချယ်လ်ဆီးမှာ တရာသီ ကစားပြီးနောက် အဆင်မပြေမှုတွေနဲ့ ကြုံတွေ့ခဲ့ရတာကြောင့် ယခုနှစ် ဘောလုံးရာသီ အစမှာပဲ ချယ်လ်ဆီး ကနေ အင်တာမီလန်ထံ တရာသီအငှားနဲ့ ပြောင်းရွှေ့ ကစားနေသူပါ။

Photo Credit: Metro

လူကာကူက ချယ်လ်ဆီးကနေ အင်တာမီလန်ထံ ပြန်လည် ပြောင်းရွှေ့ခဲ့ပေမယ့် ယခုနှစ် ဘောလုံးရာသီမှာ ဒဏ်ရာပြဿနာတွေနဲ့သာ ကြုံတွေ့နေရတာကြောင့် ကြံ့ခိုင်မှု ပြန်လည် ပြည့်ဝလာဖို့ ရုန်းကန်နေရပြီး အင်တာမီလန် အတွက် ယခုနှစ် ဘောလုံးရာသီမှာ ၁၄ပွဲသာ ပါဝင် ကစားပေးထားနိုင်ကာ သွင်းဂိုး ၄ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ကြိမ် ရရှိထားပါတယ်။

လူကာကူက ကြံ့ခိုင်မှု ပြည့်ဝဖို့ ရုန်းကန်နေရသလို ဝိတ်ပါ တက်နေတာကြောင့် အင်တာမီလန်ရဲ့ တာဝန်ရှိသူတွေက လူကာကူရဲ့ အခြေအနေကို အတော်လေး စိတ်ပျက်နေကြပြီး လူကာကူကို ယခုနှစ် ဘောလုံးရာသီမှာ ချယ်လ်ဆီးဆီ ပြန်ပို့ဖို့ စဉ်းစားနေကြသလို ချယ်လ်ဆီးကလည်း လူကာကူကို လာမယ့် နွေဈေးကွက်မှာ အပြီးသတ် ရောင်းချဖို့ ကြံစည်ထားပါတယ်။

Photo Credit: Metro

ဒါပေမယ့် အင်္ဂလန်ရဲ့ ဂန္တဝင် ခံစစ်မှူးကြီး ရီယို ဖာဒီနန်ကတော့ လူကာကူဟာ ချယ်လ်ဆီးအတွက် သင့်တော်တဲ့ တိုက်စစ်မှူး တဦး ဖြစ်ကြောင်း ယုံကြည်နေဆဲ ဖြစ်ပြီး ဖာဒီနန်က ချယ်လ်ဆီးနည်းပြ ဂရေဟမ် ပေါ်တာကသာ လူကာကူကို ဝိတ်လျှော့ခိုင်းကာ အသင်းအတွက် စိတ်နှစ်ပြီး ကစားနိုင်အောင် ကူညီပေးနိုင်မယ် ဆိုရင် လူကာကူဟာ ချယ်လ်ဆီးအတွက် သွင်းဂိုးတွေ ယူဆောင်ပေးနိုင်တာကြောင့် လူကာကူကို အသင်းဆီ ပြန်ခေါ်သင့်ကြောင်း အကြံပေးသွားခဲ့ပါတယ်။

ရီယို ဖာဒီနန်က – “လူကာကူ တယောက် ချယ်လ်ဆီးဆီ ပြန်ပြောင်းပြီးတဲ့ အချိန်မှာပဲ ကျွန်တော်က သူနဲ့ စကားပြောဖြစ်ခဲ့ပါတယ်။ သူက ကွန်တီ မရှိတော့တာကြောင့် အင်တာမီလန် ကနေ ထွက်ခွာခဲ့တာပါ။ သူက ဘာကြောင့် ကွန်တီကို သဘောကျသလဲ ဆိုရင် ကွန်တီရဲ့ လက်အောက်မှာ ကစားခဲ့တုန်းက သူ့ရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံဟာ အတော်လေးကို ကောင်းခဲ့တာကြောင့်ပါပဲ။ ကွန်တီက လူကာကူကို သူ့ရဲ့ အကောင်းဆုံး ခန္ဓာကိုယ်ပုံစံ ရအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ တကယ်လို့ လူကာကူကသာ အဲ့ဒီလို ခန္ဓာကိုယ်မျိုး ပြန်ရခဲ့ရင် သူဟာ ဂိုးသွင်းစက် ပြန်ဖြစ်လာပါလိမ့်မယ်။ ကျွန်တော်ကတော့ ပေါ်တာဟာ လူကာကူကို အခွင့်အရေး ပေးလိမ့်မယ်လို့ ထင်ပါတယ်။ ပေါ်တာက ချယ်လ်ဆီးမှာ သူ ယုံကြည်ရတဲ့ တိုက်စစ်မှူး မရသေးပါဘူး။ အူဘာမီယန်းက ဂိုးသွင်းကောင်းတဲ့ ကစားသမား ဆိုပေမယ့် ပေါ်တာကတော့ သူ့ကို ချန်ပီယံလိဂ် လူစာရင်းထဲမှာတောင် မထည့်ခဲ့ပါဘူး။ လူကာကူက အခုချိန်မှာ ဝိတ်တက်နေတာ မှန်ပေမယ့် သူက နောက်ဆုံး ကစားခဲ့တဲ့ ၂ပွဲမှာ ၂ဂိုး သွင်းထားတဲ့ တိုက်စစ်မှူးပါ” လို့ အကြံပေး တိုက်တွန်းသွားခဲ့တာပါ။