လက်ရှိအချိန်မှာ ကမ္ဘာ့ကပ်ဘေးတစ်ခု ဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်ဟာ ကမ္ဘာတစ်ခုလုံးကို ပျံ့နှံ့နေတာကြောင့် ကျွန်တော်တို့ချစ်တဲ့ ဘောလုံးပွဲစဉ်တွေကိုလည်း တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ခေတ္တရပ်ဆိုင်းထားရပါတယ်။ ဒါ့ကြောင့် ဒီလိုနေ့ရက်တွေဟာ ကျွန်တော်တို့အတွက်ရော ကစားသမားတွေ အတွက်ပါ အတော်လေးကို ပျင်းရိဖွယ်ကောင်းတဲ့ နေ့ရက်တွေဖြစ်ပြီး ဘောလုံးပွဲစဉ်တွေ မရှိတာကြောင့် ပျင်းရိစရာကောင်းတဲ့ နေ့ရက်တွေကို အငြင်းအခုန်လေးတွေနဲ့ စည်ကားအောင် လုပ်ဆောင်နေကြရပါတယ်။ ဒီတစ်ခါမှာတော့ ကျွန်တော်က လက်ရှိမှာ ခေတ်စားနေတဲ့ လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက်နဲ့ မန်ယူနောက်ခံလူဟောင်း ဗီဒစ်တို့ နှစ်ဦးမှာ ဘယ်သူက ပိုကောင်းသလဲဆိုတာနဲ့ ပတ်သတ်တဲ့ အကြောင်းအရာတစ်ခုကို တင်ပြပေးသွားမှာပါ။

Photo Credit: Express.com

လက်ရှိအချိန်မှာ ကမ္ဘာ့အကောင်းဆုံး ဗဟို ခံစစ်ကစားသမားအဖြစ် သတ်မှတ်ခံထားရတဲ့ လီဗာပူးလ်အသင်းရဲ့ နောက်ခံလူ ဗန်ဒိုက်ဟာ ဘောလုံးသမိုင်းတစ်လျှောက် အကောင်းဆုံး နောက်ခံလူတွေထဲက တစ်ဦးဖြစ်တယ်လို့ သုံးသပ်သူတွေ ရှိနေပြီး အဆိုပါ သုံးသပ်မှုတွေမှတဆင့် တစ်ချိန်က မန်ယူအသင်းရဲ့ နောက်တန်းမှာ မာကျောတဲ့ကစားဟန်နဲ့အတူ တစ်ဖက် ကစားသမားတွေကို ကြောက်ရွံ့အောင် လုပ်ဆောင်ခဲ့ဖူးတဲ့ ဆားဘီးယားနိုင်ငံသား ဗီဒစ် နဲ့ ဗန်ဒိုက်တို့ကြားထဲမှာ နှိုင်းယှဉ်မှုတွေ ရှိလာတာပါ။ အငြင်းအခုန်ဖြစ်သည့်အားလျော်စွာ ဗန်ဒိုက်က ပိုကောင်းတယ်လို့ ပြောနေသူတွေ ရှိသလို ၊ ဗီဒစ်က ပိုပြီးကောင်းမွန်တဲ့သူဖြစ်တယ် လို့ ထောက်ပြဝေဖန်သူတွေလည်း ရှိပါတယ်။ ဒီတစ်ခါမှာတော့ အဆိုပါ အငြင်းအခုန်ထဲကို ဗီဒစ်နဲ့အတူ အတွဲအဖက်ညီခဲ့တဲ့ မန်ယူနောက်ခံလူဟောင်း ဖာဒီနန်လည်း ပါဝင်လာခဲ့ပါတယ်။

Photo Credit: Express.com

ဗန်ဒိုက်နဲ့ ဗီဒစ်မှာ ဘယ်သူပိုကောင်းသလဲဆိုတဲ့ မေးခွန်းနဲ့ ပတ်သတ်ပြီး ဖာဒီနန်က ” ကျုပ် က ကျုပ်ရဲ့လူ(ဗီဒစ်)ဘက်ကပဲ ရပ်တည်သွားမှာပါ။ သူက ကျုပ်ရဲ့ တွဲဖက် ၊ သူက ကျုပ်ရဲ့ ကျောဘက်ကို လုံခြုံအောင် လုပ်ပေးသလို ကျုပ်ကလဲ သူ့ကို အကာအကွယ် ပေးပါတယ်။ ကျုပ်က ဗန်ဒိုက်ကို သဘောကျပါတယ်။ ဒါပေမယ့် မှားယွင်းတာမျိုးကိုတော့ လုပ်မှာ မဟုတ်ပါဘူး။ သူက လက်ရှိအချိန်မှာ ကမ္ဘာ့အကောင်းဆုံး နောက်ခံလူဆိုတာကတော့ ကျိန်းသေပါတယ် ” လို့ သူ့ရဲ့အမြင်ကို ပြောပြသွားခဲ့တာပါ။ ဗန်ဒိုက် ဟာ လက်ရှိဘောလုံးရာသီမှာ လီဗာပူးလ် အသင်းအတွက် ပရီးမီးယားလိဂ်ပွဲစဉ် ၂၉ပွဲ အထိ ကစားပေးထားခဲ့ပြီး ၄ဂိုးသွင်းယူထားကာ ၁ဂိုးဖန်တီးပေးထားနိုင်သူလဲ ဖြစ်ပါတယ်။