MySport Myanmar

PSGမှာ မပျော်တဲ့ အမ်ဘာပေကို အရ ခေါ်ယူဖို့ မန်ယူအား တိုက်တွန်းလိုက်တဲ့ ဖာဒီနန်

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် နောက်ခံလူ တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ရီယို ဖာဒီနန်ကတော့ သူ့ရဲ့ အသင်းဟောင်းဟာ ပီအက်စ်ဂျီ ကနေ ထွက်ခွာချင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ ပြင်သစ်ကြယ်ပွင့် တိုက်စစ်မှူး အမ်ဘာပေကို အခွင့်အရေး ရရင် ရအောင် ခေါ်ယူသင့်ကြောင်း တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

အသက် ၂၃နှစ် အရွယ် ပြင်သစ် လက်ရွေးစင် ကြယ်ပွင့် တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေက ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာမှ ပီအက်စ်ဂျီနဲ့ ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်သစ် တရပ် ချုပ်ဆိုထားသူ ဖြစ်ပေမယ့် ပီအက်စ်ဂျီက သူ့အား ကတိပေးထားတဲ့ ကိစ္စရပ်တွေကို အကောင်အထည် မဖော်ပေးနိုင်တာကြောင့် အသင်းကနေ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာပဲ ထွက်ခွာဖို့ စဉ်းစားနေပါတယ်။

Photo Credit: Goal

အမ်ဘာပေက လက်ရှိ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး ၁၀ဦး စာရင်းဝင်သူ ဖြစ်သလို သူ့ရဲ့ အသက်အရွယ် ၊ ခြေစွမ်းနဲ့ အလားအလာကောင်းတွေကြောင့် သူသာ ပီအက်စ်ဂျီကနေ ထွက်ခွာမယ် ဆိုရင် ပရီးမီးယားလိဂ် အသင်းကြီးတွေ ဖြစ်ကြတဲ့ မန်ချက်စတာ ယူနိုက်တက် ၊ ချယ်လ်ဆီး ၊ လီဗာပူးနဲ့ လာလီဂါ အင်အားကြီးကလပ် ရီးရဲလ်မက်ဒရစ်တို့က သူ့ကို ခေါ်ယူဖို့ ကြိုးစားလာဖွယ် ရှိနေပါတယ်။

ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် ရံဖန်ရံခါ လုပ်ကိုင် ဆောင်ရွက်နေတဲ့ ရီယို ဖာဒီနန်ကတော့ သူ့ရဲ့ အသင်းဟောင်းဟာ အမ်ဘာပေကို မဖြစ်မနေ ရအောင် ခေါ်ယူသင့်တယ်လို့ ယူဆနေပြီး ပီအက်စ်ဂျီနဲ့ အမ်ဘာပေတို့ကြားမှာ အဖုအထစ်တွေ ရှိနေပြီလို့ သတင်းတွေ ထွက်ပေါ်လာချိန်မှာပဲ ဖာဒီနန်က သူ့ရဲ့ တွစ်တာအကောင့် ကနေ မန်ချက်စတာ ယူနိုက်တက်ကို mention ခေါ်ကာ အမ်ဘာပေကို ရအောင် ခေါ်ယူဖို့ တိုက်တွန်းသွားခဲ့ပါတယ်။

Photo Credit: Goal

ဖာဒီနန်က – “ယူနိုက်တက်ရေ ဒါကို လုပ်လိုက်ကြရအောင်။ (အမ်ဘာပေကို ခေါ်ယူဖို့အား ရည်ညွှန်းလျက်) အေးဂျင့် ရီယိုက ဒီအပြောင်းအရွှေ့ ပြီးအောင် လုပ်ပေးမယ်” ဆိုပြီး မန်ချက်စတာ ယူနိုက်တက်ကို အမ်ဘာပေအား ခေါ်ယူရန် တိုက်တွန်းလိုက်တာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ဖာဒီနန်က အမ်ဘာပေကိုလည်း ယူနိုက်တက် ရှိရာ အင်္ဂလန်မြေဆီ ပြောင်းလာဖို့ အကြံပေးခဲ့ပါသေးတယ်။ ဖာဒီနန်က – “ကိုင်လီယန်… ငါတို့တွေက စကားတွေ အများကြီး ပြောဖူးတယ်နော်။ ငါ့ဆီကိုသာ လာခဲ့ပါ။ ငါနဲ့ စကားလာပြော။ ငါက မင်းအတွက် ဒီအပြောင်းအရွှေ့ ဖြစ်အောင် လုပ်ပေးမယ်။ (ယူနိုက်တက်ဆီသို့ ပြောင်းရွှေ့ဖို့ ရည်ရွယ်လျက်) ငါ့ဆီကိုပဲ လာခဲ့။ ငါတို့ တယောက်ချင်း စကားပြောကြမယ်။ ငါတို့တွေ နောက်ဆုံး အင်တာဗျူး လုပ်ခဲ့တုန်းက မင်းရဲ့ အင်္ဂလိပ်စာ စကေးက တကယ်ကို ကောင်းပါတယ်။ ဒီတော့ ငါတို့တွေ စကားထပ်ပြောရအောင်။ ငါက မင်းကို ဘောလုံး ပြန်ကစားနိုင်အောင် ကူညီပေးချင်တယ်။ မင်းက ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တယောက်ပါ။ ငါတို့တွေ မင်းကို ဒီနေရာမှာ မြင်ချင်တယ် ငါ့ကောင်ရေ” လို့ ပြောကြားကာ အကြံပေးသွားခဲ့တာပါ။

Exit mobile version