အင်္ဂလန်လက်ရွေးစင်အသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ နောက်ခံကစားသမားဟောင်းကြီး ရီယိုဖာဒီနန်ကတော့ လာမယ့်တနင်္ဂနွေမှာ ယူရို-၂၀၂ဝပြိုင်ပွဲ အုပ်စုအဖွင့်ပွဲအဖြစ် ခရိုအေးရှားအသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမယ့် အင်္ဂလန်အသင်းအနေနဲ့ ဒီပွဲစဉ်မှာ ၃-၄-၃ ကစားကွက်ကို အခြေခံပြီး ပွဲထွက်လာဖို့ လိုအပ်သလို တိုက်စစ်(၃)ယောက်တန်းမှာလည်း အထောင်တိုက်စစ်မှူး ဟာရီကိန်းနဲ့ တောင်ပံတွေမှာ ရာဟင်စတာလင်းနဲ့ ဂျက်ဂရီးလစ်ရှ်တို့ကို တွဲဖက်အသုံးပြုသင့်တယ်လို့ တိုက်တွန်းလိုက်ပါတယ်။

Photo Credit : The Sun

အင်္ဂလန်အသင်းဟာ ယူရို-၂၀၂ဝပြိုင်ပွဲမှာ စကော့တလန် ခရိုအေးရှား ချက်အသင်းတွေနဲ့ အုပ်စု(D)မှာ ကျရောက်နေတာဖြစ်ပြီး လာမယ့်တနင်္ဂနွေမှာ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားတုန်းက သူတို့အသင်းကို ဆီမီးဖိုင်နယ်ကနေ ဖြုတ်ချခဲ့တဲ့ ခရိုအေးရှားအသင်းနဲ့ ယူရိုအုပ်စုအဖွင့်ပွဲအဖြစ် စတင်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ အင်္ဂလန်အနေနဲ့ ရလဒ်ကောင်းတွေ ပိုင်ဆိုင်နိုင်ဖို့အတွက် ကွင်းလယ်ပိုင်းကိုသာ ကစားသမား(၄)ယောက်နဲ့ ပွဲထွက်လာသင့်ပြီး ခံစစ်နဲ့ တိုက်စစ်ပိုင်းတွေမှာတော့ ကစားသမား(၃)ယောက်ကို အသုံးပြုတဲ့ ၃-၄-၃ ကစားကွက်ကို ရွေးချယ်သင့်တယ်လို့ နည်းပြဆောက်ဂိတ်ကို ဖာဒီနန်က အကြံပြုပြောဆိုလိုက်ပါတယ်။

Photo Credit : The Sun

အင်္ဂလန်အသင်းရဲ့ လူထုတ်ပုံနဲ့ပတ်သက်ပြီး ဖာဒီနန်က “ကျွန်တော်ကတော့ ခံစစ်ကို (၃)ယောက်ထားမယ်။ ကွင်းလယ်မှာတော့ ကစားသမား(၄)ယောက်ကို တွဲသးမယ်။ တိုက်စစ်မှာတော့ (၃)ယောက်ထားမယ်။ တိုက်စစ် (၃)ယောက်မှာ ဟာရီကိန်းကို အလယ်မှာထားမယ်။ ဂရီးလစ်ရှ်နဲ့ စတာလင်းတို့ကိုလည်း တောင်ပံတွေမှာ ထားသုံးမယ်။ ဒီပွဲကို ဂါရတ်တစ်ယောက် ဘယ်လိုပုံစံမျိုးတွေနဲ့များ ပြင်ဆင်လာမလဲဆိုတာကို ကျွန်တော်တော့ အရမ်းရင်ခုန်နေပြီ။ တိုက်စစ်မှာ (၃)ယောက်ထားပြီး ကစားနိုင်မလား။ ပွဲကိုရော ထိန်းချုပ်ကစားနိုင်မလားဆိုတဲ့အပေါ် စိတ်လှုပ်ရှားနေရမိတယ်။ ပြီးခဲ့တဲ့ တစ်ကြိမ်တွေ့ဆုံတုန်းကတော့ ခရိုအေးရှားက မိုဒရစ် ရာကီတစ်တို့နဲ့အတူ ကွင်းလယ်ပိုင်းကနေ ပွဲကိုထိန်းချုပ်သွားနိုင်ခဲ့တယ်။ ဒါမျိုးကို ထပ်ပြီးအဖြစ်လို့ မရပါဘူး။ အသင်းအနေနဲ့ ဒီလိုတိုက်စစ်ဟန်ပန် ကစားပုံမျိုးနဲ့ပါ ကစားခဲ့မယ်ဆိုရင် အသင်းတိုင်းကို ဒုက္ခပေးနိုင်တဲ့ ကစားသမားတွေက အင်္ဂလန်မှာ ရှိနေတာမို့ အသင်းတိုင်းအတွက် အန္တရာယ်ရှိနိုင်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်ကတော့ ယုံကြည်မှုအပြည့်ရှိတယ်။ ကျွန်တော်တို့အသင်းရဲ့ တိုက်စစ်ကစားသမားတွေရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး အရမ်းကို မြင်ချင်တွေ့ချင်နေပါပြီ” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။