ပရီးမီးယားလိဂ် အင်အားကြီးအသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ အင်္ဂလန် လက်ရွေးစင် အသင်းတို့ရဲ့ နာမည်ကျော် ခံစစ်မှူးဟောင်း တဦး ဖြစ်သူ ရီယို ဖာဒီနန်က သူဟာ တချိန်တုန်းက မန်ချက်စတာ ယူနိုက်တက်အသင်း ကနေ ပြိုင်ဘက် အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ဖို့ ကြိုးစားခဲ့ဖူးကြောင်း ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

ရီယို ဖာဒီနန်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့အတူ အောင်မြင်မှုပေါင်းများစွာ ရယူနိုင်ခဲ့သလို သူ့ခေတ် သူ့အခါမှာ ပရီးမီယားလိဂ်ရဲ့ အကောင်းဆုံး ဗဟိုနောက်ခံလူ အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

Photo Credit: Football London

ဒါပေမယ့် မမြဲတဲ့ လောကရဲ့ နိယာမအတိုင်း ဖာဒီနန်ဟာ ကစားသမားဘဝ နှောင်းပိုင်းမှာတော့ များပြားလှတဲ့ ဒဏ်ရာပြဿနာတွေနဲ့ ကြုံတွေ့ခဲ့ရကာ ၂၀၁၄ခုနှစ်မှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်း ကနေ ကျူပီအာအသင်းထံ ပြောင်းရွှေ့ ကစားခဲ့ပါတယ်။

ဖာဒီနန်ကတော့ သူဟာ ကျူပီအာအသင်းထံ မပြောင်းရွှေ့မီမှာ ပြိုင်ဘက် အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ဖို့ စဉ်းစားခဲ့ပြီး ထိုအချိန်က အာဆင်နယ်အသင်းရဲ့ နည်းပြအဖြစ် ရှိနေတဲ့ အာဆင်ဝင်းဂါးကိုလည်း သူ့ရဲ့ စိတ်ကူးကို ပြောပြခဲ့ကြောင်း ဖွင့်ဟ ပြောပြလာပါတယ်။

Photo Credit: Football London

အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ဖို့ ကြိုးစားခဲ့ပုံကို ဖာဒီနန်က – “ကျွန်တော့်ဘဝရဲ့ အရူးမိုက်ဆုံး အတွေးတခုက အာဆင်နယ်အသင်းထံ ပြောင်းဖို့ စဉ်းစားမိတာပါပဲ။ ကျွန်တော် မန်ချက်စတာ ယူနိုက်တက် ကနေ ထွက်ခွာခဲ့တဲ့ အချိန်မှာ အာဆင်ဝင်းဂါးနဲ့ ဟိုတယ်တခုမှာ ဆုံခဲ့ပါတယ်။ အဲ့တုန်းက ကျွန်တော်က အာဆင်ဝင်းဂါးကို အာဆင်နယ်အသင်းဆီ လာချင်တဲ့ အကြောင်း ပြောခဲ့ပါတယ်။ “အာဆင်း… ကျွန်တော် မန်ယူနိုက်တက် ကနေ ထွက်လာပြီ။ တကယ်လို့ ခင်ဗျားသာ အလိုရှိရင် ကျွန်တော် အာဆင်နယ်အသင်းဆီ လာပြီး ခင်ဗျားရဲ့ အဝတ်လဲခန်း ပြဿနာတွေကို ဖြေရှင်းပေးမယ်။ ဒီပြဿနာတွေကို ဖြေရှင်းဖို့ ခင်ဗျား ကျွန်တော့်ကို လိုအပ်မယ်လို့ ထင်တယ်” ဆိုပြီး ပြောခဲ့တာပါ။

ကျွန်တော်က ပွဲထွက်ခွင့်တွေ လိုချင်ခဲ့တယ် ဆိုတာကို မငြင်းချင်ပါဘူး။ ဒါပေမယ့် အဓိက လိုချင်တာက အသင်းကြီး တသင်း ၊ အစဉ်အလာ ရှိတဲ့ အသင်းတသင်းမှာ ကစားချင်ခဲ့တာပါ။ သူက ကျွန်တော့်ကို မခေါ်ခဲ့ပါဘူး။ ဒါကလည်း မှန်ကန်တဲ့ ဆုံးဖြတ်ချက် တခုပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် ကျူပီအာအသင်းမှာ ရုန်းကန်ခဲ့ရတယ်လေ။ ဒါပေမယ့် အဝတ်လဲခန်းနဲ့ ပတ်သတ်ရင်တော့ ကျွန်တော်က အာဆင်ဝင်းဂါးကို ကူညီနိုင်လိမ့်မယ်လို့ အခုထိ ယုံကြည်နေဆဲပါပဲ” လို့ ပြောကြားခဲ့ပါတယ်။