ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ အင်္ဂလန်အသင်းတို့ရဲ့ ဂန္တဝင် နောက်ခံလူ တဦး ဖြစ်သူ ရီယို ဖာဒီနန်ကတော့ သူ့ရဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လက်ရှိနည်းပြ ဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်ပြီးပါက အေဂျက်အသင်းရဲ့ နည်းပြ တန်ဟက်ကို နည်းပြသစ် အဖြစ် ခန့်အပ်သင့်ကြောင်း တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၆ပွဲမှာ ၁ပွဲသာ အနိုင်ရရှိကာ ၄ပွဲအထိ ရှုံးနိမ့်ခဲ့တာကြောင့် မန်ချက်စတာ ယူနိုက်တက် နည်းပြ ဆိုးလ်ရှားရဲ့ အနာဂတ်ဟာ မရေမရာ ဖြစ်နေပြီး လာမယ့်ပွဲစဉ်တွေမှာသာ ရလဒ်ကောင်းတွေ ရယူနိုင်ခဲ့ခြင်း မရှိပါက မန်ချက်စတာ ယူနိုက်တက် ဘုတ်အဖွဲ့က ဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်ဖွယ် ရှိပါတယ်။

Photo Credit: Daily Mail

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြသစ် ဖြစ်လာဖို့ အတွက် ရေပန်းစားနေတဲ့ နည်းပြတွေ အများအပြား ရှိနေပြီး အဆိုပါနည်းပြတွေ အနက် လက်စတာ စီးတီးနည်းပြ ဘရန်ဒန် ရော်ဂျာ ၊ အေဂျက်နည်းပြ တန်ဟက်နဲ့ ရီးရဲလ်မက်ဒရစ် နည်းပြဟောင်း ဇီဒန်းတို့က မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြသစ် ဖြစ်လာဖို့ အနီးစပ်ဆုံး ဖြစ်နေကြသူတွေပါ။

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သလို လက်ရှိအချိန်မှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ရီယို ဖာဒီနန်ကတော့ ဘရန်ဒန် ရော်ဂျာ ၊ ဇီဒန်းတို့ထက် အေဂျက်နည်းပြ တန်ဟက်ကို မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြသစ် အဖြစ် မြင်တွေ့ချင်နေပြီး တန်ဟက်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ သင့်တော်တဲ့ နည်းပြတဦး ဖြစ်ကြောင်းလည်း သုံးသပ် သွားခဲ့ပါတယ်။

Photo Credit: Daily Mail

အသက် ၅၁နှစ် အရွယ် နယ်သာလန်လူမျိုး နည်းပြ တန်ဟက်ဟာ ၂၀၁၇ခုနှစ်မှ စတင်ကာ အေဂျက်အသင်းကို တာဝန်ယူ ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး အေဂျက်အသင်းကို ပြည်တွင်းလိဂ်ဖလား အစုံ ရယူပေးထားနိုင်သလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ဆီမီးဖိုင်နယ်အဆင့် အထိ ပို့ဆောင်ပေးထားသူပါ။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ တန်ဟက်ကို နည်းပြသစ် အဖြစ် ခန့်အပ်သင့်ကြောင်းကို ဖာဒီနန်က – “ကျွန်တော်က တန်ဟက်နဲ့ ပုဂ္ဂိုလ်ရေးအရ သိကျွမ်းခြင်း မရှိပါဘူး။ ဒါပေမယ့် အေဂျက်အသင်းမှာ သူ လုပ်ဆောင်ပြထားတဲ့ အရာတွေက အတော်လေးကို အံ့အားသင့်ဖို့ ကောင်းပါတယ်။ ဒီနေရာမှာ ကျွန်တော် ပြောချင်တာက အေဂျက်အသင်းဟာ အသင်းငယ် မဟုတ်ပါဘူး။ အေဂျက်အသင်းကို ကိုင်တွယ်တဲ့ နည်းပြတိုင်းဟာ နေ့ရက်တိုင်းမှာ နိုင်ပွဲတွေ ရယူပြဖို့ လိုအပ်ပါတယ်။ ဒါက မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ရှိနေတဲ့ ဖိအားနဲ့တူတူပါပဲ။ ဒါကြောင့် ကျွန်တော်ကတော့ တန်ဟက်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ကိုက်ညီမယ့် နည်းပြလို့ မြင်ပါတယ်” ဆိုပြီး တိုက်တွန်း အကြံပေးခဲ့တာပဲ ဖြစ်ပါတယ်။