ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂန္တဝင် နောက်ခံလူ တဦး ဖြစ်သူ ဖာဒီနန်ကတော့ သူ့ရဲ့ အသင်းဟောင်းဟာ လက်ရှိနည်းပြ ဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်သင့်ပြီလို့ တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အဆင့်၂နေရာနဲ့ ရာသီသိမ်းနိုင်ခဲ့ပေမယ့် ယခုနှစ် ဘောလုံးရာသီမှာတော့ ရလဒ်ကောင်းတွေ ရရှိဖို့ ရုန်းကန်နေရပြီး နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၆ပွဲမှာ ၄ပွဲအထိ ရှုံးနိမ့်ထားပါတယ်။

Photo Credit: Express

ဒါကြောင့်လည်း မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြ ဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်ဖို့ တောင်းဆိုမှုတွေ ရှိလာပြီး မန်ချက်စတာ ယူနိုက်တက်အသင်း ကတော့ ဆိုးလ်ရှားကို အချိန်အနည်းငယ် ထပ်ပေးဖို့ ဆုံးဖြတ်ထားပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂန္တဝင် နောက်ခံလူ တဦး ဖြစ်သလို လက်ရှိအချိန် အထိ အသင်းနဲ့ ဆက်ဆံရေးကောင်းတွေ ရှိနေသေးတဲ့ ရီယို ဖာဒီနန်ကတော့ ဆိုးလ်ရှားရဲ့ မန်ချက်စတာ ယူနိုက်တက် နည်းပြဘဝဟာ အဆုံးသတ်ဖို့ အချိန်တန်ပြီ ဖြစ်ကြောင်းနဲ့ ဆိုးလ်ရှားက ပျက်စီးယိုယွင်းနေတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းကို အကောင်းဆုံး အနေအထား ရအောင် ပြန်လည် တည်ဆောက်ပေးနိုင်ခဲ့တာကြောင့် အသင်းကနေ ရင်ကော့ ခေါင်းမော့ပြီး ထွက်ခွာသင့်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Express

ရီယို ဖာဒီနန်က – “ ကျွန်တော် မန်ယူအသင်းရဲ့ ပွဲစဉ်တွေကို အပတ်တိုင်း ကြည့်ဖြစ်ပါတယ်။ ဒါပေမယ့် ကစားသမားတွေက တိကျတဲ့ နည်းစနစ်တခုနဲ့ ကစားနေတယ်လို့ မခံစားရပါဘူး။ သူတို့ကို ကြည့်ရတာ နည်းစနစ် လမ်းညွှန်ချက်တွေ မရထားတဲ့ လူတွေလိုပါပဲ။ ကျွန်တော်က အမြဲတမ်း အတွေးလွန်တတ်တဲ့ လူစားမျိုးပါ။ ဆိုးလ်ရှားက မန်ချက်စတာ ယူနိုက်တက်အသင်းကို ချန်ပီယံ ဖြစ်အောင် ပြုလုပ်ပေးနိုင်မယ့် နည်းပြလား။ ကျွန်တော်ကတော့ အဲ့ဒီလို မထင်ပါဘူး။ ဆိုးလ်ရှားအနေနဲ့ အသင်းကို အခြေပျက်နေတဲ့ အနေအထား ကနေ အခုလို ခိုင်မာတဲ့ အနေအထား ရောက်အောင် တည်ဆောက်ပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် သူ့ရဲ့ တာဝန်ကျေပြီလို့ ပြောရင်လည်း မမှားပါဘူး။ အခုကတော့ သူ့အနေနဲ့ အသင်းကို ဆုဖလားတွေ ရယူပေးနိုင်မယ့် နည်းပြတဦးဆီ လွှဲပြောင်းပေးရမယ့် အချိန်ပါ။ ပြီးတော့ သူဟာ အသင်းကနေ ရင်ကော့ ခေါင်းမော့ပြီး ထွက်ခွာနိုင်ပါပြီ” လို့ ပြောကြားခဲ့တာပါ။