MySport Myanmar

ဘရူနိုကို Captainလက်ပတ် ပေးခဲ့တဲ့ တန်ဟက်ဂ်ရဲ့ ဆုံးဖြတ်ချက်ကို ဖာဒီနန် ထောက်ခံ

ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ဗဟိုခံစစ်မှူး တဦး ဖြစ်သလို အသင်းခေါင်းဆောင်ဟောင်းလည်း ဖြစ်တဲ့ ရီယို ဖာဒီနန်က ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်ကို အသင်းခေါင်းဆောင်သစ် အဖြစ် ခန့်အပ်ခဲ့တဲ့ နည်းပြချုပ် အဲရစ် တန်ဟက်ဂ်ရဲ့ ဆုံးဖြတ်ချက်ကို သဘောတူကြောင်း သူ့ရဲ့ လူမှုကွန်ယက် စာမျက်နှာကနေ ပြောလာခဲ့ပါတယ်။

နယ်သာလန် ထိပ်သီးနည်းပြ အဲရစ် တန်ဟက်ဂ် ဦးဆောင်နေတဲ့ မန်ချက်စတာ ယူနိုက်တက်က အင်္ဂလန် လက်ရွေးစင် ဗဟိုနောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယားကို အသင်းခေါင်းဆောင် အဖြစ် ၃နှစ်ကြာ တာဝန်ပေးခဲ့ပေမယ့် ပြီးခဲ့တဲ့ အပတ်ထဲမှာပဲ တန်ဟက်ဂ်ဟာ မက်ဂွိုင်းယားကို အသင်းခေါင်းဆောင်ရာထူး ကနေ ဖြုတ်ချခဲ့ပါတယ်။

Photo Credit: Manchester United

ယမန်နေ့ညမှာတော့ တန်ဟက်ဂ်က အသင်းရဲ့ အဓိက ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်ကို အသင်းခေါင်းဆောင်သစ် အဖြစ် တရားဝင် ကြေညာခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ ကစားသမား အများစုကလည်း ဘရူနို ဖာနန်ဒက် အသင်းခေါင်းဆောင် ဖြစ်လာတာကို သဘောတူကြပါတယ်။

အသက် ၂၈နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်က ၂၀၂၀ခုနှစ်မှာ စပို့တင်း လစ္စဘွန်း ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ယူရို ၆၀သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက ကွင်းလယ်လူ အဖြစ် ခြေစွမ်းပြ ကစားထားနိုင်သူ ဖြစ်ကာ ဘရူနို ဖာနန်ဒက်ဟာ မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ ၁၈၅ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၆၄ဂိုး သွင်းယူပေးနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၅၄ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Metro

ဘရူနို ဖာနန်ဒက်က မန်ချက်စတာ ယူနိုက်တက်ရဲ့ မရှိမဖြစ် ကစားသမား တဦး ဖြစ်တာကြောင့် ယူနိုက်တက် ပရိသတ် အများစုက ဖာနန်ဒက်ကို အသင်းခေါင်းဆောင် အဖြစ် မြင်တွေ့ရတဲ့ အပေါ် ကျေနပ်နေကြပြီး ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သူ ရီယို ဖာဒီနန်ကလည်း ဖာနန်ဒက်ဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင် ရာထူးနဲ့ ထိုက်တန်သူ ဖြစ်ကြောင်း ထောက်ခံလာပါတယ်။

ရီယို ဖာဒီနန်က – “မန်ချက်စတာ ယူနိုက်တက် အတွက် ကစားခွင့် ရတာကိုက ဂုဏ်ယူစရာကောင်းနေပါပြီ။ ဒါပေမယ့် တာဝန် အပိုတခု ထပ်ယူပြီး အသင်းကို ဦးဆောင် ကစားခွင့် ရတာဟာ ပိုပြီး ထူးခြားတဲ့ အရာတခုပါ။ ဘရူနိုက ယူနိုက်တက်ရဲ့ အနီရောင်ဂျာစီကို ဝတ်ဆင်လိုက်တဲ့ အချိန်ကနေ စပြီး အခုချိန်အထိ ခြေစွမ်းကောင်းတွေ တောက်လျှောက် ပြသနိုင်ခဲ့သလို သူ့ရဲ့ စွမ်းဆောင်ရည်တွေကလည်း အထင်ကြီးစရာ ကောင်းပါတယ်။ ဒါကြောင့် ဘရူနိုက အသင်းခေါင်းဆောင် ရာထူးနဲ့ ထိုက်တန်သူပါ။ ဘရူနိုက စွန့်စားရဲတယ်။ တာဝန်ယူရဲတယ်။ အများနဲ့မတူပဲ ကွဲပြားတယ်။ သူ့မှာ အရည်အချင်းကောင်းတွေ အားလုံး ရှိပါတယ်။ ကျွန်တော်ကတော့ ဘရူနို ဖာနန်ဒက်ဟာ ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင် အဖြစ် အောင်မြင်လိမ့်မယ်လို့ ထင်ပါတယ်။ ဘရူနို ဖာနန်ဒက်အတွက် ပေးချင်တဲ့ တခုထဲသော အကြံကတော့ ဘယ်သူ့ကိုမှ လိုက်မကြည့်ပဲ ကိုယ့်ရဲ့ အစွမ်းအစကို ထုတ်ပြဖို့ ကြိုးစားပါ။ အမြဲတမ်း ဘရူနိုအစစ် ဖြစ်နေပါစေ။ ဘရူနို ဖြစ်နေတာကြောင့်ပဲ မင်းက ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင် ဖြစ်လာတာပါ။ ကံကောင်းပါစေ ဘရူနိုရေ” လို့ သူ့ရဲ့ တွစ်တာအကောင့်မှာ ရေးသားကာ အသင်းခေါင်းဆောင်သစ် ဘရူနိုကို ကြိုဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။

Exit mobile version