ပရီးမီးယားလိဂ် အင်အားကြီးအသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ အင်္ဂလန် လက်ရွေးစင် အသင်းတို့ရဲ့ ဂန္တဝင် နောက်ခံလူဟောင်း ဖြစ်သူ ရီယို ဖာဒီနန်က ပြီးခဲ့တဲ့ စနေနေ့မှာ ကစားခဲ့တဲ့ ဒိန်းမတ်အသင်းနဲ့ ဖင်လန်အသင်းတို့ရဲ့ ပွဲစဉ်မှာ ကွင်းအတွင်း နှလုံးရှော့ခ်ဖြစ်ကာ သတိလစ် လဲကျခဲ့တဲ့ ဒိန်းမတ်အသင်းနဲ့ စီးရီးအေ အင်အားကြီးကလပ် အင်တာမီလန်အသင်းရဲ့ ကွင်းလယ်လူ အဲရစ်ဆင်အနေနဲ့ ဘောလုံးလောက ကနေ အနားယူဖို့ တိုက်တွန်းသွားခဲ့ပါတယ်။ အသက် ၂၉နှစ် အရွယ် ဒိန်းမတ် ကွင်းလယ်လူ အဲရစ်ဆင်ဟာ ဒိန်းမတ်နဲ့ ဖင်လန်တို့ပွဲစဉ်ရဲ့ ပထမပိုင်း ပြီးဆုံးခါနီးမှာ ရုတ်တရတ် ကွင်းအတွင်း လဲကျကာ သတိလစ် မေ့မြောခဲ့တာ ဖြစ်ပြီး ဆေးအဖွဲ့တွေဟာ သူ့ကို အရေးပေါ် ဆေးကုသမှုတွေ ပြုလုပ်ပေးခဲ့ရကာ လက်ရှိမှာလည်း အဲရစ်ဆင်ဟာ ကိုပင်ဟေဂင်မြို့မှာ ရှိတဲ့ ဆေးရုံတရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။

Photo Credit: Express

အဲရစ်ဆင်ဟာ နှလုံးရှော့ခ် ဖြစ်ကာ ကွင်းအတွင်း လဲကျခဲ့တာကြောင့် လက်ရှိမှာ သူ့ရဲ့ နှလုံးကို စစ်ဆေးမှုတွေ ပြုလုပ်နေကာ နှလုံးအထူးကု ဆရာဝန် တချို့ကတော့ အဲရစ်ဆင် အနေနဲ့ ဘောလုံးကစားခြင်း ကနေ အနားယူသင့်ကြောင်း အကြံပေးမှုတွေ ပြုလုပ်ထားပါတယ်။ ဒါပေမယ့် အဲရစ်ဆင်ရဲ့ အေးဂျင့်ဖြစ်သူ ကတော့ အဲရစ်ဆင်အနေနဲ့ ဆေးကုသမှုတွေ ခံယူပြီးရင် ဘောလုံး ပြန်ကစားဖွယ် ရှိကြောင်း အရိပ်အမြွက် ပြောကြား ထားပါတယ်။ အဲရစ်ဆင်လိုပဲ ကွင်းအတွင်း လဲကျဖူးတဲ့ အေဂျက်အသင်းနဲ့ နယ်သာလန်အသင်းရဲ့ ခံစစ်ကစားသမား ဘလိုင်းဟာ နှလုံးထဲကို စက်ထည့်ကာ ဘောလုံး ဆက်ကစားနေပါတယ်။

Photo Credit: Express

ဒါပေမယ့် ဖာဒီနန်က အဲရစ်ဆင်အနေနဲ့ နောက်ထပ် တကြိမ် ဘောလုံး ဆက်ကစားဖို့ မစဉ်းစားနိုင်ကြောင်းနဲ့ အဲရစ်ဆင်ဟာ မိသားစု အတွက် ဘောလုံးကစားခြင်း ကနေ အနားယူသင့်ကြောင်း ပြောကြားခဲ့ပါတယ်။ ဖာဒီနန်က – “ကျွန်တော်ကတော့ သူ နောက်ထပ် တကြိမ် ပြန်ကစားလိမ့်မယ်လို့ မထင်ပါဘူး။ ဒါက ကျွန်တော် အရိုးသားဆုံး ပြောတာပါ။ တကယ်လို့ ကျွန်တော်သာ သူ့နေရာမှာဆိုရင် ဆက်ပြီး ကစားဖို့ တွေးမိမှာ မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ မိသားစု အတွက် ကျွန်တော် ကျန်းကျန်းမာမာနဲ့ နေချင်ပါတယ်” လို့ ပြောကြား သွားတာပဲ ဖြစ်ပါတယ်။