ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ အင်္ဂလန်အသင်းရဲ့ ဂန္တဝင် နောက်ခံလူ ရီယို ဖာဒီနန်ကတော့ သူ့ရဲ့ အသင်းဟောင်းဟာ မြို့ခံပြိုင်ဘက် မန်ချက်စတာ စီးတီးအသင်းမှာ အဆင်မပြေ ဖြစ်နေတဲ့ အင်္ဂလန် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား စတာလင်းကို ခေါ်ယူသင့်ကြောင်း တိုက်တွန်းသွားခဲ့ပါတယ်။

အသက် ၂၆နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ရာဟမ် စတာလင်းဟာ လီဗာပူးအသင်း ကနေ မန်ချက်စတာ စီးတီးအသင်းထံ ပြောင်းရွှေ့လာပြီးနောက် အသင်းရဲ့ အဓိက တိုက်စစ် ကစားသမား တဦး ဖြစ်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ သူ့ရဲ့ ခြေစွမ်းတွေဟာ တဖြည်းဖြည်း ကျဆင်းလာခဲ့ပါတယ်။

Photo Credit: Metro

စတာလင်းဟာ ဂွာဒီယိုလာရဲ့ လက်ထက်မှာ မန်ချက်စတာ စီးတီးအသင်းရဲ့ စွမ်းဆောင်ရည် အကောင်းဆုံး ကစားသမား တဦး ဖြစ်ပေမယ့် လတ်တလောမှာ ခြေစွမ်းတွေ ကျဆင်းနေတာကြောင့် မန်ချက်စတာ စီးတီးအသင်းဟာ သူ့ကို ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားပြီး စပိန်လာလီဂါ အင်အားကြီးကလပ် ဘာစီလိုနာအသင်း ကတော့ စတာလင်းကို အငှား + အပြီးသတ် ခေါ်ယူခွင့်နဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

အင်္ဂလန်အသင်းရဲ့ ဂန္တဝင် နောက်ခံလူ တဦး ဖြစ်သူ ဖာဒီနန်ကတော့ စတာလင်းဟာ အသင်းတသင်းရဲ့ ရလဒ်ပိုင်းကို ပြောင်းလဲနိုင်တဲ့ ကစားသမား တဦး ဖြစ်တာကြောင့် သူ့ရဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်နဲ့ စတာလင်းရဲ့ အသင်းဟောင်း လီဗာပူးတို့ဟာ စတာလင်းကို ခေါ်ယူဖို့ ကြိုးစားသင့်ကြောင်း တိုက်တွန်းသွားခဲ့ပါတယ်။

Photo Credit: Metro

ဖာဒီနန်က – “စတာလင်း အခု ဘာတွေဖြစ်နေလဲ။ သူက အသင်းရဲ့ ပွဲထွက် ကစားသမားစာရင်းမှာ မပါဝင်ရတာကြောင့် ယုံကြည်မှု ကျဆင်းနေတာပါ။ မန်ချက်စတာ စီးတီးအသင်းက သွင်းဂိုးတွေ လိုအပ်တိုင်း စတာလင်းဟာ အမြဲတမ်း ထွက်ပေါ်လာလေ့ ရှိပေမယ့် အခုတော့ သူက ဆိုးရွားတဲ့ အခိုက်အတန့် တခုကို ဖြတ်သန်းနေရပါတယ်။ ကျွန်တော်ကတော့ ဂွာဒီယိုလာနဲ့ သူ့ရဲ့ လူတွေက ဘာလို့ စတာလင်းကို ရောင်းထုတ်ဖို့ ကြိုးစားနေလဲ ဆိုတာကို နားမလည်နိုင်ပါဘူး။ ကျွန်တော်သာ တခြားအသင်း တသင်းရဲ့ နည်းပြဖြစ်ရင် စတာလင်းကို ခေါ်ဖို့ အစွမ်းကုန် ကြိုးစားမှာပါ။ တကယ်လို့ ကျွန်တော်သာ လီဗာပူးအသင်းရဲ့ တာဝန်ရှိသူ ဖြစ်ရင် မနက်ဖြန်ပဲ သူ့ကို ခေါ်ပါပြီ။ ပြီးတော့ ကျွန်တော်သာ စတာလင်း ဖြစ်နေရင် ရီးရဲလ်နဲ့ ဘာစီလိုနာဆီ သွားမှာ မဟုတ်ပါဘူး။ ဒါကြောင့်လည်း လီဗာပူးနဲ့ မန်ချက်စတာ ယူနိုက်တက်က သူ့ကို ခေါ်သင့်တယ်လို့ ကျွန်တော် အကြံပေးချင်ပါတယ်” လို့ ပြောကြားခဲ့တာပါ။

စတာလင်းဟာ လီဗာပူးအသင်းရဲ့ လူငယ် အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကစားသမား တဦး ဖြစ်ပေမယ့် ငယ်စဉ်က သူ အားပေးခဲ့တဲ့ ဘောလုံးအသင်းဟာ မန်ချက်စတာ ယူနိုက်တက်အသင်းပဲ ဖြစ်ပါတယ်။