ပရီးမီးယားလိဂ် အင်အားကြီးအသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ အင်္ဂလန်အသင်းတို့ရဲ့ ဂန္တဝင် နောက်ခံလူဟောင်း ဖြစ်သူ ရီယို ဖာဒီနန်ကတော့ သူ့ရဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်ဟာ ဝက်စ်ဟမ်းအသင်းနဲ့ အင်္ဂလန်အသင်းတို့ရဲ့ ကွင်းလယ်ခံစစ် ကစားသမား ဒီကလန်ရိုက်စ်ကို ခေါ်ယူဖို့ ကြိုးစားသင့်ကြောင်း တိုက်တွန်းသွားခဲ့ပါတယ်။ ဖာဒီနန်ဟာ နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Talksport သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာ ယခုလို တိုက်တွန်းသွားတာ ဖြစ်ပြီး ဒီကလန်ရိုက်စ်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ထိပ်သီး ပစ်မှတ် ကစားသမားတွေထဲက တဦးလည်း ဖြစ်ပါတယ်။

Photo Credit: Team Talk

အသက် ၂၂နှစ် အရွယ် အင်္ဂလန် ကွင်းလယ်ခံစစ် ကစားသမား ဒီကလန်ရိုက်စ်ဟာ လက်ရှိ အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်ခံစစ် ကစားသမား အဖြစ် ဘောလုံးရေးရာ ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ခြင်းကို ခံထားရသလို အသက်ငယ်ငယ်နဲ့ ဝက်စ်ဟမ်းအသင်းရဲ့ အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူထားကာ ယခုနှစ်မှာ ဝက်စ်ဟမ်းအသင်းကို ယူရိုပါလိဂ်ဝင်ခွင့် ရအောင် ဦးဆောင်ပေးခဲ့သူပါ။ လက်ရှိမှာတော့ ဒီကလန်ရိုက်စ်ကို ခေါ်ယူဖို့ အတွက် မန်ချက်စတာ ယူနိုက်တက် ၊ ချယ်လ်ဆီးနဲ့ မန်ချက်စတာ စီးတီးအသင်းတို့က စိတ်ဝင်စားနေပြီး ဝက်စ်ဟမ်းအသင်း ကတော့ သူတို့အသင်းရဲ့ အသင်းခေါင်းဆောင် ဒီကလန်ရိုက်စ်ကို အသင်းမှာ ဆက်လက် ထိန်းသိမ်းသွားဖို့ ဆန္ဒရှိနေပါတယ်။ ဒါကြောင့်ပဲ ဒီကလန်ရိုက်စ်ကို ခေါ်ယူချင်တဲ့ အသင်းတွေဟာ သူ့အတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၀၀သန်း နီးပါး သုံးစွဲဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

Photo Credit: Team Talk

မန်ချက်စတာ ယူနိုက်တက်အသင်းက ဒီကလန်ရိုက်စ်ကို ခေါ်ယူသင့်သလား ဆိုတဲ့ မေးခွန်းနဲ့ ပတ်သတ်ပြီး ဖာဒီနန်က – “ဒါပေါ့။ ကျွန်တော်ကတော့ သူ့ကို ကြိုဆိုဖို့ အသင့်ပါပဲ” လို့ ဖြေကြားခဲ့တာပါ။ ဆက်လက်ပြီး ဖာဒီနန်က ဒီနွေရာသီမှာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ထိပ်သီးပစ်မှတ်ဟာ ဒီကလန်ရိုက်စ် မဟုတ်နိုင်ဘူး လို့ သုံးသပ်သွားပါတယ်။ “ဒီကလန်ရိုက်စ် ကစားတဲ့ နေရာကို ကြည့်လိုက်ပါ။ မန်ယူနိုက်တက်က သူ့ကို အရေးတကြီး ခေါ်ယူဖို့ လိုမယ် ထင်လား။ သူတို့အသင်းမှာ ဒီကလန်ရိုက်စ်ကို ခေါ်ဖို့ထက် ပိုပြီး အရေးတကြီး အင်အားဖြည့်ရမယ့် နေရာတွေ ရှိလား။ ကျွန်တော်ကတော့ ရှိတယ်လို့ ထင်ပါတယ်။ သူတို့အသင်းက ခံစစ်မှူး တဦးနဲ့ ညာတောင်ပံ ကစားသမားတဦးတို့ကို ၁၀၀ ရာခိုင်နှုန်း လိုအပ်ပါတယ်။ ဝက်စ်ဟမ်းအသင်းရဲ့ ပရိသတ်တွေက ဆိုရှယ်မီဒီယာတွေပေါ်မှာ ကျွန်တော့်ကို ဘာလို့ မန်ယူနိုက်တက်က ဒီကလန်ရိုက်စ်ကို ဝယ်အောင် ပြောနေကြလဲ ဆိုပြီး ဝေဖန်နေတာကို မြင်ရပါတယ်။ ကျွန်တော်က မေးလာတဲ့ မေးခွန်းကို အရိုးသားဆုံး ဖြေခဲ့တာပါ။ တကယ်လို့ မန်ယူနိုက်တက်ကသာ ကျွန်တော့်ရဲ့ အကြံပေးမှုကို လက်ခံရင် ကျွန်တော် ဝမ်းသာမိမှာပါ” လို့ ပြောကြားခဲ့ပါတယ်။