မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂန္ထဝင်နောက်ခံလူကြီး ရီယို ဖာဒီနန်က အသင်းရဲ့ လူငယ်ကြယ်ပွင့်နောက်ခံလူ လန်နီ ယိုရိုဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးနောက်ခံလူတွေထဲက တစ်ဦးဖြစ်နေပြီဖြစ်ပြီး လက်ရှိအချိန်မှာ သူ့ထက် ခြေစွမ်းသာလွန်တဲ့ ဗဟိုနောက်ခံလူ (၄)ယောက်သာ ရှိတော့ကြောင်း အလွန်ကြီးမားတဲ့ ချီးကျူးထောပနာစကားကို ပြောကြားလိုက်ပါတယ်။
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နွေရာသီက လိုင်လီအသင်းကနေ ယိုရိုကို ပေါင် (၅၂)သန်းနဲ့ ခေါ်ယူခဲ့ပြီး အဲ့ဒီအချိန်ကတည်းက ကမ္ဘာ့အကောင်းဆုံး လူငယ်နောက်ခံလူတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
Photo Credit : United in Focus
အသင်းအနေနဲ့ ရလဒ်ပိုင်းအရ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပေမယ့် အသက် (၁၉)နှစ်အရွယ် ပြင်သစ်နောက်ခံလူလေးဟာ နည်းပြ ရူဘင် အာမိုရင်ရဲ့ လက်အောက်မှာ အဓိကကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြသနေပြီး မကြာသေးမီကပဲ ပြင်သစ် ယူ-၂၁ လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံခဲ့ရပါတယ်။
ပရီးမီးယားလိဂ်ဖလား (၆)ကြိမ် ဆွတ်ခူးခဲ့ပြီး နီမန်ဂျာ ဗီဒစ်နဲ့အတူ ကြောက်စရာကောင်းတဲ့ နောက်တန်းအတွဲအဖက်ကို တည်ဆောက်နိုင်ခဲ့တဲ့ ဖာဒီနန်ဟာ လူငယ်နောက်ခံလူကောင်းတွေကို မြင်တတ်တဲ့ မျက်စိရှိသူအဖြစ် ကျော်ကြားပါတယ်။ GOAL သတင်းဌာနနဲ့ တွေ့ဆုံရာမှာ သူက ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ဗဟိုနောက်ခံလူတွေကို တစ်ယောက်ချင်း ယှဉ်ပြိုင်ရွေးချယ်တဲ့အခါ ယိုရိုရဲ့ အဆင့်ကို အခုလို သတ်မှတ်ပြခဲ့ပါတယ်။
Photo Credit : The Tribuna
ဖာဒီနန်ရဲ့ အဆင့်သတ်မှတ်ချက်အရ ယိုရိုဟာ ဂျာရက် ဘရန့်သ်ဝိတ် (အဲဗာတန်) နဲ့ မာ့ခ် ဂူဟီ (ခရစ္စတယ် ပဲလေ့စ်) တို့ထက် သာလွန်ကြောင်း ရွေးချယ်ခဲ့ပါတယ်။ သူ့ရဲ့အထက်မှာတော့ မန်စီးတီးနောက်ခံလူ ဂျိုကို့စ် ဂါဗာဒီယောကို ထားရှိခဲ့ပေမယ့် ဂါဗာဒီယောက အခုလက်ရှိမှာ ပိုကောင်းပေမယ့် ယိုရိုမှာ ပိုမြင့်တဲ့ အလားအလာရှိတယ်လို့ ဖာဒီနန်က မှတ်ချက်ပေးခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ အာဆင်နယ်နောက်ခံလူ ဂါဘရီရယ်က ဂါဗာဒီယော့ထက် သာလွန်ပြီး၊ ဂါဘရီရယ်ရဲ့အထက်မှာ အသင်းဖော် ဝီလီယံ ဆာလီဘာ ရှိနေကာ အားလုံးရဲ့အထက်မှာတော့ လီဗာပူးလ်နောက်ခံလူ ဗာဂျယ်လ် ဗန်ဒိုက် ကို အကောင်းဆုံးအဖြစ် ရွေးချယ်ခဲ့ပါတယ်။ အသိအမှတ်ပြုခံရမှုအဆုံးမှာတော့ ဖာဒီနန်ရဲ့အမြင်အရ လက်ရှိ ပရီးမီးယားလိဂ်မှာ ယိုရိုထက် သာလွန်တဲ့ နောက်ခံလူတွေကတော့ ဂါဗာဒီယော့ ၊ ဂါဘရီရယ်၊ ဆာလီဘာနဲ့ ဗန်ဒိုက်တို့ (၄)ဦးသာ ရှိပါတော့တယ်။