MySport Myanmar

မန်ယူက ဆက်စ်ကိုထက် ကွင်းလယ်လူ ဘာလီဘာကိုပဲ ခေါ်သင့်တယ်လို့ ဖာဒီနန် ဆို

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နောက်ခံကစားသမားဟောင်းကြီး ရီယို ဖာဒီနန်က သူ့ရဲ့အသင်းဟောင်းအနေဖြင့် လိုက်ပ်ဇစ်အသင်းရဲ့ တိုက်စစ်မှူး ဘင်ဂျမင် ဆက်စ်ကိုကို ခေါ်ယူမယ့်အစား အဆိုပါငွေကြေးကို ဘရိုက်တန်အသင်းရဲ့ ကြယ်ပွင့်ကစားသမားတစ်ဦးအတွက် သုံးစွဲတာက ပိုကောင်းလိမ့်မယ်ဟု အကြံပြုပြောကြားလိုက်ပါတယ်။ အသက် (၂၂)နှစ်အရွယ် ဆက်စ်ကိုဟာ အခုနွေရာသီမှာ ထိပ်တန်းကလပ်အသင်းများစွာရဲ့ စိတ်ဝင်စားမှုကို ရရှိနေပြီး မန်ယူနိုက်တက်အသင်းနဲ့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံမှာ ဂိုးသွင်းနှုန်းတွေ ကျဆင်းခဲ့ပြီး ရလဒ်တွေ ဆိုးရွားခဲ့တာကြောင့် တိုက်စစ်ပိုင်းကို အားဖြည့်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီက ရက်စ်မတ်စ် ဟွိုင်းလန်းနဲ့ ဂျိုရှုအာ ဇာ့ခ်ဇီးတို့ နှစ်ဦးပေါင်းကိုမှ ပရီးမီးယားလိဂ်မှာ (၇)ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ဒါဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ သမိုင်းတစ်လျှောက် အဆိုးရွားဆုံးအဆင့်ဖြစ်တဲ့ အဆင့်(၁၅)နဲ့ ရာသီသိမ်းခဲ့ရခြင်းရဲ့ အကြောင်းရင်းများစွာထဲက တစ်ခုဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း ယူနိုက်တက်ဟာ တိုက်စစ်ပိုင်းအတွက် မားသီးယပ်စ် ကူညာကို ပေါင်(၆၂.၅)သန်း ဘရိုင်ယန် အမ်ဘူမိုကို ပေါင်(၇၁)သန်းတို့နဲ့ ခေါ်ယူအားဖြည့်ခဲ့ပြီး ဖြစ်ပါတယ်။

Photo Credit : Sportskeeda

ဒါပေမယ့်လည်း ဒီကစားသမားနှစ်ဦးစလုံးဟာ ဆက်စ်ကို ကစားတဲ့ အထောင်တိုက်စစ်မှူးစစ်စစ်နေရာမှာ အဓိကကစားသူတွေ မဟုတ်ကြပါဘူး။ အာဆင်နယ်နဲ့ နယူးကာဆယ်တို့ကပါ စောင့်ကြည့်နေတဲ့ ဆက်စ်ကိုကို ယူနိုက်တက်အနေနဲ့ မခေါ်ယူသင့်ကြောင်း ဖာဒီနန်က သူ့ရဲ့ YouTube ချန်နယ်မှာ အခုလို ပြောကြားခဲ့ပါတယ်။ “ကျွန်တော့်အမြင်အရ မန်ယူနိုက်တက်အသင်းက လက်ရှိအခြေအနေကိုပဲ အဓိကထား ကြည့်သင့်တယ်။ ဒါကြောင့်ပဲ ကျွန်တော်က အထောင်တိုက်စစ်မှူးအကြောင်း ပြောနေတာပါ။”

“ကျွန်တော် ဆက်စ်ကိုရဲ့ အရည်အသွေးကို သံသယဝင်နေတာ မဟုတ်ပါဘူး။ ကျွန်တော်ပြောချင်တာက ယူနိုက်တက်အသင်းရဲ့ တိုက်စစ်ပိုင်းမှာ အတွေ့အကြုံ လိုအပ်နေတယ်ဆိုတာပါပဲ။ ကျွန်တော်တို့ဆီမှာ ဟွိုင်လန်း၊ ဇာ့ခ်ဇီး၊ ချီဒို (လူငယ်ကစားသမား) တို့ ရှိပြီးသားပါ။ သူတို့အားလုံးက လူငယ်တွေ အတွေ့အကြုံနုနယ်သေးတဲ့ ကစားသမားတွေပါ။ သူတို့အတွက်က တိုက်စစ်မှူးစစ်စစ်တစ်ယောက်က ဒီလိုကစားရတယ်၊ ဒီလိုလုပ်ရတယ်ဆိုတာကို ကြည့်ပြီး အတုယူနိုင်မယ့် စံပြတစ်ယောက် လိုအပ်နေပါတယ်။ ဒီလိုအခြေအနေမှာ အတွေ့အကြုံနည်းတဲ့ နောက်ထပ် ကစားသမားတစ်ယောက်ကို ထပ်ဝယ်လိုက်တာဟာ နောက်ထပ်စွန့်စားမှုတစ်ခုပါပဲ။”

Photo Credit : Manchester Evening News

ဆက်လက်ပြီး ဖာဒီနန်က ပရီးမီးယားလိဂ် အတွေ့အကြုံရင့်ကျက်ပြီး ယူနိုက်တက်နဲ့ သတင်းထွက်နေတဲ့ အက်စတွန် ဗီလာ တိုက်စစ်မှူး အိုလီ ဝက်ကင်းစ်လို ကစားသမားမျိုးကသာ အသင်းအတွက် ပိုသင့်တော်မယ်လို့ အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် သူသာဆိုရင်တော့ အဆိုပါငွေကို အသင်းရဲ့ အင်ဂျင်ခန်းဖြစ်တဲ့ ကွင်းလယ်အတွက်ပဲ ရင်းနှီးမြှုပ်နှံချင်တယ်လို့ ဝန်ခံခဲ့ပါတယ်။”တကယ်လို့ ကျွန်တော်သာ တိုက်စစ်မှူးတစ်ယောက် မရခဲ့ဘူးဆိုရင် ကွင်းလယ်လူကိုပဲ ရွေးချယ်မှာပါ။ ကျွန်တော်စဉ်းစားနေတဲ့ နာမည်တစ်ခုပဲ ရှိပါတယ်။ ရိုးရိုးသားသားပြောရရင် သူက ကျွန်တော်တို့ လိုအပ်နေတဲ့အရာတွေနဲ့ အံဝင်ခွင်ကျဖြစ်မယ့်သူပါ။ သူက နည်းပြ အာမိုရင် ကြိုက်နှစ်သက်မယ့် ကစားသမားမျိုးလည်း ဖြစ်တယ်။ ကာယပိုင်းအရလည်း ထူးချွန်တယ်။ ဘောလုံးနဲ့အတူ ပြေးလွှားနိုင်တယ်။ နေရာစုံမှာ ဘောလုံးလက်ခံနိုင်တယ်။ နည်းစနစ်ပိုင်းအရလည်း အရမ်းကောင်းတယ်။ စွမ်းအင်အပြည့်နဲ့ ကစားနိုင်တယ်။ ပရီးမီးယားလိဂ် အတွေ့အကြုံလည်း ရှိတယ်။ သူက ကွင်းလယ်လူ ကားလို့စ် ဘာလီဘာပါ။”

“ကျွန်တော်သာဆိုရင် သူ့ကိုပဲ သွားခေါ်မှာ။ သူက ကျွန်တော့်ရဲ့လူပဲ။ ကျွန်တော်သာဆိုရင် ငွေပုံအောပြီး သူ့ကိုပဲ ဝယ်မှာပါ။ အခုရောင်းထုတ်မယ့် ကစားသမားလေးယောက်ဆီက ပိုက်ဆံရလာရင် အတွေ့အကြုံနုတဲ့ No. 9 တစ်ယောက်ကို ဝယ်မလား။ ဒါမှမဟုတ် ပရီးမီးယားလိဂ်မှာ ဘာလုပ်နိုင်လဲဆိုတာ သိပြီးသားဖြစ်တဲ့ ဘာလီဘာကို ဝယ်မလားဆိုရင် ကျွန်တော်ကတော့ ဘာလီဘာကိုပဲ ရွေးမှာပါ။ သူဟာ ဒီအသင်းလူစာရင်းအပေါ် ကြီးမားတဲ့ သက်ရောက်မှုတွေ ပေးနိုင်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်တယ်။ သူရောက်လာရင် တခြားကွင်းလယ်လူတွေရဲ့ ခံစစ်တာဝန်ကိုလည်း လျော့ကျသွားစေနိုင်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူက ဘက်စုံမှာ ကစားနိုင်ပြီး အကုန်လုပ်နိုင်စွမ်းရှိလို့ပါပဲ” လို့ ဖာဒီနန်က ချီးကျူးခဲ့ပါတယ်။

Exit mobile version