MySport Myanmar

အာတီတာက ရီးရဲလ်ဆီ ပြောင်းဖို့ စဉ်းစားနေကြောင်း ဖွင့်ချလာတဲ့ ရီယို ဖာဒီနန်

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သူ ရီယို ဖာဒီနန်က ယခုနှစ် ဘောလုံးရာသီမှာ အာဆင်နယ်ကို အကောင်းဆုံး ဦးဆောင်ပေးထားတဲ့ အာတီတာဟာ စပိန်ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ဖို့ စဉ်းစားနေကြောင်း Live တခုမှာ ပြောကြားသွားခဲ့ပါတယ်။

အင်္ဂလန်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ ဂန္တဝင် နောက်ခံလူ ရီယို ဖာဒီနန်က ဘောလုံးသမားဘဝ ကနေ အနားယူပြီးနောက် ဘောလုံးရေးရာ သုံးသပ်သူ အဖြစ် လုပ်ကိုင် ဆောင်ရွက်နေသလို ဘောလုံးအေးဂျင့်တွေ ၊ ကိုယ်စားလှယ်တွေနဲ့လည်း အချိတ်အဆက် ရှိပါတယ်။

Photo Credit: Mirror

ဖာဒီနန်က ကိုယ်ပိုင် YouTube Channel တခုထောင်ကာ ဘောလုံးရေးရာ သုံးသပ်မှုတွေ ၊ ဘောလုံးလောကထဲမှာ ဖြစ်ပျက်နေတဲ့ နောက်ကွယ်က ကိစ္စရပ် တချို့ကို ပရိသတ်တွေ သိအောင် ပြောပြနေပြီး နောက်ဆုံး ပြုလုပ်ခဲ့တဲ့ Liveမှာတော့ ဖာဒီနန်က ရီးရဲလ်မက်ဒရစ်ဟာ သူတို့ရဲ့ နည်းပြချုပ် အန်ဆလော့တီကို အာတီတာနဲ့ အစားထိုးဖို့ စိတ်ဝင်စားနေပြီး အာတီတာကလည်း ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ချင်နေကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ဖာဒီနန်က – “အာဆင်နယ်အသင်း အခု လုပ်ရမယ့် အရေးအကြီးဆုံးအရာက အာတီတာကို အသင်းမှာ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ဆက်ရှိနေအောင် ကြိုးစားဖို့ပါပဲ။ ကျွန်တော်က အေးဂျင့်တွေဆီ ကနေ သတင်းတချို့ ကြားထားပါတယ်။ ရီးရဲလ်မက်ဒရစ်က အာတီတာကို အန်ဆလော့တီရဲ့ နေရာအတွက် လိုချင်နေပါတယ်။ ရီးရဲလ်ကသာ အာတီတာကို ခေါ်ဖို့ ကြိုးစားလာမယ် ဆိုရင် အာဆင်နယ်ရဲ့ ကစားသမားတွေက နည်းပြမရှိပဲ ကစားရပါလိမ့်မယ်။ ကျွန်တော် ကြားထားတာက အန်ဆလော့တီဟာ ရီးရဲလ်မက်ဒရစ် ကနေ မကြာခင် ထွက်တော့မယ် ၊ အာတီတာကလည်း ရီးရဲလ်မက်ဒရစ်ကို ပြောင်းဖို့ စိတ်ဝင်စားနေတယ် ဆိုတဲ့ စကားတွေပါပဲ။ ဒီစကားတွေက အေးဂျင့်လောကထဲမှာ ပျံ့နေပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: The US Sun

စပိန်လူမျိုး နည်းပြတဦး ဖြစ်သူ အာတီတာက ၂၀၁၉ခုနှစ်မှ စတင်ကာ အာဆင်နယ်ကို တာဝန်ယူ ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး သူက အာဆင်နယ်အတွက် အက်ဖ်အေဖလား ၁လုံးနဲ့ ကွန်မြူနတီဒိုင်း ၁လုံးတို့ ရယူပေးထားနိုင်ပါတယ်။

Exit mobile version